Thursday 14 May 2015

မြန်မာ့ပတ္တမြား ကမ္ဘာ့စံချိန်တင်ဈေး ဒေါ်လာသန်း ၃၀ ကျော်ဖြင့်ရောင်းချ

Sunrise Ruby ဟု အမည်ရသည့် အလေးချိန် ၂၅ ဒသမ ၅၉ ကရက်ရှိ ရှားပါးမြန်မာ့ပတ္တမြားဖြင့် ဆင်မြန်းထားသော လက်စွပ်ကို မော်ဒယ်တစ်ဦးက မေလ ၁၂ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သည့် ဆောက်သ်ဘီ နွေရာသီ ရှားပါးကျောက်မျက်လေလံပွဲတွင် ပြသခဲ့ပုံ(ဝဲ)နှင့် ကာတီးယားက ပြုလုပ်သည့် မြန်မာ့ပတ္တမြားလက်စွပ်ကို ဝန်ထမ်းတစ်ဦးက ပြသနေပုံ(ယာ) (ဓာတ်ပုံ − အေအက်ဖ်ပီ၊ အီးပီအေ)
ပြင်သစ်ဘုရင် နပိုလီယံ ၏ တူတော်စပ်သူပိုင်ဆိုင်ခဲ့သည် ဟု ယုံကြည်ရသော ၂၅ ဒသမ ၅၉ ကရက်ရှိ မြန်မာ့ပတ္တမြား လက် စွပ်ကို ကမ္ဘာ့စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ဖြင့် လေလံတင် ရောင်း ချခဲ့ကြောင်းသတင်းရရှိသည်။

တန်ဖိုးကြီး ပစ္စည်းများအား လေလံတင်ရောင်းချသော နိုင်ငံ တကာကုမ္ပဏီ Sotheby's သည် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် မေလ ၁၂ ရက်က Sunrise Ruby ဟု အမည်ပေးထားသည့် မြန်မာ့ပတ္တမြားပါ လက်စွပ်ကို ရောင်းချရာ၌ မျှော်မှန်းဈေးနှုန်းထက် နှစ်ဆကျော်ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီက ကြေညာ သည်။

ပြင်သစ်ဘုရင် နပိုလီယံ၏ တူတော်စပ်သူက အမေရိကန် ဒေါ်လာ ၁၅ဒသမ ၉သန်းဖြင့်ဝယ်ယူ ပိုင်ဆိုင် ခဲ့သည်ဟု ယုံကြည်ရ သော မြန်မာ့ပတ္တမြားကို အမေရိ ကန်ဒေါ်လာ ၁၂သန်းမှ ၁၈သန်း အထိရရှိမည်ဟု မျှော်မှန်းထား သော်လည်း အမည်မဖော်လိုသူ တစ်ဦးက ဖုန်းဖြင့် ယှဉ်ပြိုင်ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီသတင်းဌာနက သတင်းရေးသားထားသည်။

ခိုသွေးရောင် ရှားပါးမြန်မာ့ ပတ္တမြားကွပ်ထားသောလက်စွပ် ကိုအမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးက ယှဉ်ပြိုင်လေလံဆွဲခဲ့ပြီး ၃၀ ဒသမ ၃၃ ဒေါ်လာသန်း ဈေးပေးသူက အနိုင်ရရှိခဲ့သည်။

အဆိုပါလေလံတင်ရောင်းချပွဲတွင် မြန်မာမိုးကုတ်နီလာ နားကွင်းတစ်စုံသည်လည်း စံချိန်တင်ဈေးနှုန်း ဖြစ် သည့် အမေရိကန်ဒေါ်လာ သုံးသန်းကျော်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း Sotheby's ကုမ္ပဏီ၏ ၀က်ဘ်ဆိုက် တွင်ဖော်ပြထားသည်။

၂၀၁၄ နိုဝင်ဘာက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ရှားပါးဈေးကြီးကျောက်မျက်ရတနာများ လေလံတင်ရောင်းချပွဲ၌ လန်ဒန်မြို့မှ လက်ဝတ်ရတနာကုန်သည် လောရင့်စ်ဂရတ်ဖ်က ၈ ဒသမ ၃၂ ကရက်ရှိ မြန်မာ့ပတ္တမြားတစ်လုံးကို အမေရိကန်ဒေါ်လာ ၈ဒသမ ၆သန်းဖြင့် ၀ယ်ယူခဲ့ဖူးသည်။

Ref: The Straits Times
7Day DAILY 

No comments:

Post a Comment