Wednesday 24 December 2014

ငါးပိ၊ ငါးခြောက် ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အာမခံ ပေးမည်

ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်များ ထုတ်လုပ်မှုကို စနစ်တကျ ပြန်လည် စစ်ဆေး မွမ်းမံ၍ ဘေးအန္တရာယ် ကင်းရှင်းကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အာမခံပေး သွားမည် ဖြစ်ကြောင်း ယင်း အဖွဲ့ချုပ် ထံမှ သိရ သည်။ ယင်းကဲ့သို့ တာဝန်ယူ အာမခံ ပေးရာတွင် ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ညီနောင်အသင်းဝင် ဖြစ်သော ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ် ရောင်းဝယ် သူများ အသင်းဝင် လုပ်ငန်းစု များကို စတင် တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပြီး အသင်းဝင် မဟုတ်သည့် လုပ်ငန်းစုများ ကိုမူ ဒုတိယ အဆင့် အနေဖြင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာလူမျိုးအားလုံး ဆင်းရဲတဲ့သူ ကနေ ချမ်းသာတဲ့သူ အားလုံးစားတဲ့ ပစ္စည်း ဖြစ်တဲ့ အတွက် ဒါတွေရဲ့ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ကို ကျွန်တော်တို့ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးရ ပါမယ်။ ဒါကို ကျွန်တော် တို့က စီမံချက်ချထား ပါတယ်။ ငါးပိ၊ ငါးခြောက် ကစတဲ့ အခါ ကျရင် အဲဒီ ပစ္စည်းတွေမှာ စားသုံးသူ အတွက် လုံးဝ အန္တရာယ် မရှိတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ ပစ္စည်း လုံးဝ မဟုတ်ဘူး။လုံးဝ မပါပါဘူး ဆိုတဲ့ အာမခံချက် တစ်ခုရတဲ့ အထိ အဖွဲ့ချုပ်က စနစ်တကျ ဆောင်ရွက် သွားဖို့ အစီအစဉ်တွေရှိ ပါတယ် ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

လက်ရှိတွင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အသင်း၌ အသင်းဝင် လုပ်ငန်းစု (၁၄၀) ကျော်ရှိနေပြီး၊ ယင်းလုပ်ငန်းစု များမှ ထုတ်လုပ် နေသည့် ထုတ်ကုန် များကို စတင် တာဝန်ယူပေး သွားမည် ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ထုတ်ကုန်များ အပေါ် တာဝန်ယူ ရာတွင် ၎င်းတို့ ထုတ်လုပ် ရောင်းချ နေသည့် ထုတ်ကုန် များကို စနစ်တကျ ပြန်လည် သုံးသပ်၍ သင့်တော်သည့် ပစ္စည်းများကို ဆက်လက် သုံးစေကာ စားသုံးရန် မသင့်သည့် ပစ္စည်း များကို ပြန်လည် ဖယ်ရှားစေရန် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိသုံး နေတဲ့ ပစ္စည်းတွေထက် ကောင်းမွန်တဲ့ ပစ္စည်းတွေ အစားထိုးဖို့ အကြံ ပေးမယ်။ ရှာပေးမယ်။ ထုတ်လုပ်တဲ့ နည်း ပညာ အားလုံး ကိုလည်း ကုန်ကျစရိတ် အနည်းဆုံးနဲ့ ထုတ်လုပ် နိုင်အောင် နိုင်ငံတကာ က လက်ခံနိုင်တဲ့ ပစ္စည်းမျိုး အဆင့်ထိ ရောက်အောင် ကျွန်တော်တို့ အပြင် သိပ္ပံ နဲ့ နည်းပညာ ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဓာတုပစ္စည်း ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ သင်တန်းတွေ ဖွင့်ပေး ဖို့လည်းရှိ ပါတယ် ဟု ဦးနှင်းဦးက ပြောသည်။

လက်ရှိ ထုတ်လုပ် နေသည့် ထုတ်ကုန် ပစ္စည်း များတွင် မှတ်ပုံတင်ခြင်း၊ အမှတ်တံဆိပ် ကပ်ခြင်းတို့ ပြုလုပ်သော ထုတ်ကုန် ပစ္စည်း များမှာ စားသုံးသူ အငြင်းပွားမှု ပြဿနာများ ဖြစ်ပေါ်မှု နည်းပါးပြီး၊ ဖြစ်ပေါ် လာပါက ရှင်းရ လွယ်ကူကြောင်း၊ တချို့သော ကုန်ပစ္စည်း များတွင် အမှတ်တံဆိပ် မရှိခြင်း၊ ပါရှိ သော်လည်း တိတိကျကျ မရှိခြင်း စသည့် ပစ္စည်းများ ကိုလည်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် နှင့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ် ရောင်းဝယ်သူများ အသင်းတို့ ပူးပေါင်း၍ တာဝန်ယူ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment