Wednesday 24 December 2014

လျှပ်စစ် ရှော့တိုက်သည်ဟု စွပ်စွဲချက်ကို အင်းသူကြီး ငြင်းဆို

မန္တလေးမြို့ အမရပူရ မြို့နယ် တောင်သမန် အင်းအတွင်း ကြေးနန်းကြိုးများ ချထား၍ ငါးဖမ်းခြင်းကို လျှပ်စစ် ရှော့တိုက်သည်ဟု ဒေသခံ တံငါသည် များက အင်းသူကြီးအား စွပ်စွဲ ထားပြီး အင်းသူကြီးမှ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆို လိုက်သည်။

တောင်သမန်အင်း အတွင်း ဒီဇင်ဘာလ (၁၈) ရက်နေ့က ကြေးနန်းကြိုးများ တွေ့ရှိရခြင်းနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် အင်းသူကြီးက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့် အနေနဲ့ ဒီလို လျှပ်စစ်ရှော့တိုက်တာကို မလုပ်ပါဘူး။ ကျွန်တော့် အလုပ်သမားတွေ ကိုလည်း ဒီလို လုပ်ဖို့ရာ မပြောထား ပါဘူး၊ ဒီလို လျှပ်စစ် ရှော့တိုက်မှုက ငါးမျိုးပွားမှုကို ထိခိုက်စေတဲ့ အတွက် ကျွန်တော့် အနေနဲ့ လုပ်မှာလည်း မဟုတ်ဘူး။ လုပ်လည်း မလုပ်ပါဘူး ဟု တောင်သမန် အင်းသူကြီး ဦးချစ်ခိုင်က ပြောသည်။

အင်းသူကြီး အနေဖြင့် အင်းအတွင်း ငါးဖမ်းခြင်းကို တရားဝင်ချထားပေး သော်လည်း အင်းအတွင်း ငါးခိုးဖမ်းသူများရှိ နေပြီး စက်လှေဖြင့် ကင်းလှည့်ချိန်တွင် ငါခိုးဖမ်းသူများက လေးခွများဖြင့် ပစ်ခြင်း၊ တုတ်များ၊ ဓားများဖြင့် ခြိမ်းခြောက်ခြင်း တို့ကို ပြုလုပ်ကြကြောင်း၊ ငါးခိုးဖမ်းသူ များကို ဖမ်းဆီး အရေးယူရန် သက်ဆိုင်ရာသို့ တိုင်ကြား သော်လည်း သက်ဆိုင်ရာမှ ထိရောက်သည့် ဖမ်းဆီးမှုများ ပြုလုပ်ပေးခြင်း မရှိကြောင်း ယင်းမှ ဆက်လက် ပြောကြားသည်။

အင်းအတွင်း တရားဝင် ငါးဖမ်းခွင့်ပြုရာ တွင်လည်း ပိုက်ဖြင့် ဖမ်းလျှင် တစ်ပိဿာ (၂၅၀) ကျပ်၊ လက်ဖြင့် ဖမ်းလျှင် တစ်ပိဿာ (၃၀၀) ကျပ် သတ်မှတ် ထားပြီး ကွန်ပစ်သူများ အတွက် ငါးခွဲယူ စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေး ထားကြောင်း သိရသည်။ ပိုက်ဖြင့် ဖမ်းဆီးခြင်းသည် တစ်ရက် ပိဿာချိန် (၅၀) ခန့်ရပြီး လက်ဖြင့် ဖမ်းဆီးခြင်းသည် (၂၅) ပိဿာခန့် ရကြောင်း အင်းသူကြီးထံမှ သိရသည်။ ဒေသခံ တံငါသည် များက တောင်သမန် အင်းအတွင်း ကြေးနန်းကြိုး တွေ့ရှိမှုနှင့် ပတ်သက်ပြီး အင်းသူကြီးနှင့် ၎င်း၏ တပည့်များက တောင်သမန်အင်း အတွင်း ငါးဖမ်းသူ များကို လျှပ်စစ် ရှော့တိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက စွပ်စွဲ ထားသည်။

ကျွန်တော်တို့ တစ်တွေ အုပ်စုလိုက် ငါးငုပ် နေတုန်းမှာ ကျွန်တော်တို့ ထဲက လူတစ်ဦး ခေါင်းမှာ ကြိုးလာ စွပ်တယ်။ နောက် တစ်ယောက်က ဘာကြိုးလဲ ဆိုပြီး ကိုင်ကြည့် တဲ့အခါမှာ ကျင်သွားတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဖော်ကြည့်ကြတဲ့ အခါမှာ ကြေးနန်းကြိုးတွေ ဖြစ်နေတယ်။ ဒီကြေးနန်းကြိုး တွေကို အင်းသူကြီးနဲ့ သူ့တပည့်တွေက ငါးဖမ်းတဲ့သူ တွေကို လျှပ်စစ် ရှော့တိုက်တာပဲ ဖြစ်တယ်  ဟု တောင်သမန် ဒေသခံ တံငါသည် တစ်ဦးက The Messenger Media သို့ ဒီဇင်ဘာလ (၁၉)ရက်နေ့က ပြောသည်။

ကြေးနန်းကြိုး များကို ကမ်းစပ်တွင် တုတ်ဖြင့် ချည်၍ ရေအောက်မှ တစ်ဆင့် ဖြတ်သန်း သွယ်တန်း ထားပြီး ကြက်ခြေခတ် ပုံစံ သွယ်ထားကြောင်း၊ တွေ့ရှိသည့် ကြေးနန်းကြိုး များအား သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းသို့ အပ်နှံခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်း မှလည်း ပိုင်ရှင်မဲ့ ပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် နေကြောင်း သိရသည်။ တွေ့ရှိသည့် ကြေးနန်းကြိုးသည် Internal Coin 16 ဂိတ် အမျိုးအစား ဖြစ်ပြီး သုံးကြိုးတွေ့ ရှိကြောင်း၊ ပထမကြိုးသည် အလေးချိန် (၃) ပိဿာ (၂၅) ကျပ်သား အရှည် ပေ (၅၀၀) ခန့် ၊ ဒုတိယကြိုးသည် အလေးချိန် (၂) ပိဿာ (၇၅) ကျပ်သား အရှည် ပေ (၄၀၀) ခန့်၊ တတိယကြိုးသည် အလေးချိန် (၂ )ပိဿာ အရှည် ပေ (၃၀၀) ခန့် အသီးသီး ရှိကြကြောင်း အမရပူရ မြို့မ ရဲစခန်းမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment