Thursday 4 December 2014

ဝှိုက်ကတ်ကိုင်သူများ၏ ရပိုင်ခွင့် မဆုံးရှုံးစေသင့်ဟု ဘူးသီးတောင်အမတ် ပြော

ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးများ နောက်ဆုံးနေ့တွင် အမျိုးသားလွှတ်တော်က ပြင် ဆင်ချက်မရှိ ပြန်လည်ပေးပို့လာသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းအရ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ ဆန္ဒမဲ ပေးခွင့်မရှိဟူသည့် လွှတ်တော်နှစ်ရပ်၏ အတည်ပြုချက်မှာ ၁၅ သိန်းသော ပြည်သူတို့၏ ယခင်ကရခဲ့သော အခွင့်အရေးကို ဆုံးရှုံးစေကြောင်းနှင့် ထိုသို့ မဖြစ်သင့်ကြောင်း ဘူးသီးတောင်အမတ် ဦးရွှေမောင် က မဇ္ဈိမကို ပြောသည်။

“၀ှိုက်ကတ်ကိုင်ထားတဲ့ ပြည်သူ တစ်သန်းခွဲလောက်ဟာ ဒီမှာနေတဲ့ လူတွေပါ။ နိုင်ငံခြားသားတွေ မဟုတ် ပါဘူး။ တည်ဆဲ ဥပဒေလေးမျိုးမှာ သူတို့တွေ ရထားခဲ့တဲ့ မဲပေးခွင့်ကို ဆက်ရသင့်ပါတယ်။ မဆုံးရှုံးစေသင့် ပါဘူး” ဟု ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ရွေး ကောက်ပွဲ ဥပဒေများသည် တည်ဆဲဥပဒေများဖြစ်ပြီး ထိုဥပဒေသုံးမျိုး၏ ပြဋ္ဌာန်းချက်အရ ၀ှိုက်ကတ်ကိုင် သူတို့ ဆန္ဒမဲပေးခွင့် ရရှိခဲ့ခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“အခု လွှတ်တော်နှစ်ရပ်က အတည်ပြုလိုက်တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေဟာ တည်ဆဲဥပဒေသုံး မျိုးနဲ့ မကိုက်ညီတဲ့အတွက် အထမမြောက်ပါဘူး” ဟုလည်း ၎င်းက ဖြည့်စွက်ပြောသေးသည်။

ပြည်သူ့လွှတ်တော်က နိုဝင်ဘာ ၂၀ ရက်တွင် “ဝှိုက်ကတ်များ မဲပေးခွင့်မရှိ” အပါအဝင် ပြင်ဆင်ချက် များဖြင့် အမျိုးသားလွှတ်တော် သို့ ပေးပို့ခဲ့ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိဖြင့် နိုဝင်ဘာ၂၈ ရက် တွင် ပြည်သူလွှတ်တော်သို့ ပြန်ပို့လာသည်။ အဆိုပါ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေသည် လွှတ်တော်နှစ်ရပ်စလုံးက သဘောတူသောကြောင့် ပြည်ထောင်စု လွှတ်တော်က သဘောတူသည်ဟု မှတ်ယူရမည် ဖြစ်ကြောင်းနှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများအတိုင်း ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ ကြေညာခဲ့ပြီး ဖြစ်သည်။

ထိုအချက်အပေါ် ဘူးသီးတောင်အမတ်က “ပြည်ထောင်စုလွှတ်တော်က သဘောတူသည်ဟု မှတ်ယူရမည် ဖြစ်သည်လို့ ဥက္ကဋ္ဌကြီးက ပြောသွားပေမယ့် သမ္မတ ဆီတော့ ပို့ရဦးမှာပါ။ သမ္မတက ဒါကို လက်မှတ်ထိုး ပြီးပြန်ပို့မှာလား၊ ပြင်ဆင်ချက်တွေရှိဦးမလား၊ ဘယ်လိုဆက်ပြီး သွားမလဲကို စောင့်ကြည့်ရမှာပေါ့။တကယ် တော့ ဥပဒေပြုအမတ်တွေအနေနဲ့ ဒီဥပဒေကို အတည်ဖြစ်စေ ချင်ရင် ရွေးကောက်ပွဲဆိုင်ရာ တည်ဆဲ ဥပဒေ သုံးရပ်ကို အရင်ပြင်ဖို့ လိုပါတယ်။ မပြင်ဘဲ ဒီဥပဒေကို အတည်ပြုရင် အထမမြောက်နိုင်ပါဘူး” ဟုလည်း ဝေဖန်ထောက်ပြခဲ့သည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကို ရေးဆွဲရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကို လွှတ်တော် ဥက္ကဋ္ဌက တာဝန်ပေးခဲ့ပြီး ဥပဒေကြမ်းကော်မတီသည် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်၏ အကူအညီဖြင့် ရေးဆွဲကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရှေ့နေချုပ်ရုံးတို့၏ ကြီးကြပ်မှုများဖြင့် ရေးဆွဲပြီးချိန်တွင် ဆန္ဒမဲပေးခွင့်ရ ပြည်သူတို့တွင် ဝှိုက်ကတ် ကိုင်ဆောင်သူများလည်း ပါဝင်ခဲ့သည်။

၎င်းကို ပြည်သူ့လွှတ်တော်၌ စတင်ဆွေးနွေးသည့်အခါ ပြန်လည်ပြင်ဆင် ဖြည့်စွက်ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment