Thursday 4 December 2014

ပြစ်မှုမှတ်တမ်းရှိသော မြန်မာနိုင်ငံသားဟောင်းများကို PR လျှောက်ထားခွင့်မပြု

နိုင်ငံရပ်ခြားမှပညာရှင်များအပါအဝင် စီးပွားရေး လုပ်ငန်းရှင်များကို အမြဲတမ်းနေထိုင်ခွင့်စနစ် Permanent Resident (PR) လျှောက်ထားခွင့်ပြုမည် ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ပြစ်မှုမှတ်တမ်း ရှိနေသော မြန်မာနိုင်ငံသားဟောင်းများကို လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။

အထက်ပါ ပြောဆိုချက်သည် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီတွင် ပန်းဆိုးတန်းလမ်း (အလယ် ဘလောက်) ရှိ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးရုံးတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားဟောင်းများ အနေနှင့် ပြည်တွင်းပြင်ပ ပြစ်မှုမှတ်တမ်း ရှိနေပါက PR၊ နိုင်ငံတကာ ဒုက္ခသည်များ၊ နိုင်ငံတစ်ခုခုတွင် ခိုလှုံနေသူများ၊ နိုင်ငံတကာ ရဲတပ်ဖွဲ့၏ ပြစ်မှုမှတ်တမ်း စာရင်းဝင်သူများ၊ ကျန်းမာရေး ချို့တဲ့သူများ၊ ကူးစက်ရောဂါ ရှိသူများနည်းတူ PR လျှောက်ထားခွင့် ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများတွင် PR လျှောက်ထားနိုင်ခွင့် နှစ်မျိုးရှိပြီး တစ်မျိုးမှာ မြန်မာနိုင်ငံသား အမျိုးသားနှင့်ဖြစ်စေ၊ အမျိုးသမီးနှင့်ဖြစ်စေ ဆက်စပ်သော နိုင်ငံခြားသားများကို လည်းကောင်း၊ ပြည်တွင်း ပြည်ပပြစ်မှုမှတ်တမ်းမရှိသူ၊ ဒုက္ခသည် မဟုတ်ဘဲအသိပညာရှင်အတတ်ပညာရှင်ဖြစ်သည့် နိုင်ငံသား ဟောင်းများ PR လျှောက်ထားနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ပြည်တွင်းပြည်ပ ပြစ်မှုမှတ်တမ်းမရှိဘူး၊ ဒုက္ခသည်လည်း မဟုတ်တော့ဘူး၊ ပညာတွေ ဘာတွေတတ်ပြီး ပညာရှင်အဖြစ်နဲ့ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်ချင်တယ် ဆိုရင် PR စိစစ်ရေး ဘုတ်အဖွဲ့က စိစစ်ပြီး လက်ခံမှာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးရဲထွန်းဦး က ဆိုသည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့၏ ပြစ်မှုမှတ်တမ်းများတွင် ပါဝင်နေသူများကို PR လျှောက်ထားခွင့် မပြုသည်မှာ သဘာဝ ကျသော်လည်း မြန်မာအစိုးရမှ Black list အသွင်းထားသူများကို PR လျှောက်ထားခွင့် မပြုသည် မှာ သဘာဝမကျကြောင်း၊ နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများတွင် အသိပညာ အတတ်ပညာ ကြွယ်ဝသူများ ပါဝင်နေသဖြင့် Black list ၏ အဓိပ္ပာယ်ကို သေချာစွာ ဖွင့်ဆိုသင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမြအေးက သုံးသပ်ပြောကြားသည်။ 

PR လျှောက်ထားလိုသူများ အနေနှင့် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး ရုံးတွင် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ပြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဝက်ဘ်ဆိုက်တွင် PR လျှောက်လွှာ၊ စာအုပ်၊ ကတ်ပြားများကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာဘာသာဖြင့် စတင်လွှင့်တင်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရှိ ရသည်။

The Voice Weekly 

No comments:

Post a Comment