Thursday 4 December 2014

ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ထုတ်သည့် ဂိုဏ်းကို ငွေတုထုတ်စက်များနှင့်အတူ ရွှေညောင်မြို့တွင် ဖမ်းမိ

မြန်မာနိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သော ကျပ်တစ်သောင်းတန်ကို အတုလုပ်ကာ ဖြန့်ဝေ ထုတ်လုပ် သည့် ငွေစက္ကူ အတုထုတ်ဂိုဏ်းကို ငွေတုထုတ် စက်များနှင့်အတူ ဒီဇင်ဘာလ ၁ ရက်နေ့က ရှမ်းပြည်နယ် ရွှေညောင်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

လွန်ခဲ့သော ငါးရက်ခန့်က မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုတွင် အမျိုးသားသုံးဦး ထံမှ သိန်း ၉၀၀ ကျော် တန်ဖိုးရှိသော ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းခဲ့ရာမှ ရွှေညောင်မြို့တွင် ငွေစက္ကူအတု ပြုလုပ်သောဂိုဏ်းမှ အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ဘီးလင်းမှာ မိခဲ့သူတွေက တောင်ကြီး ပွဲစားတန်းဝင်းက ငွေအတုတွေ ဝယ်ယူခဲ့တာလို့ လိမ်ပြီး ထွက်ဆို ခဲ့ပေမယ့် အမှုကွင်းဆက်တွေကို စုံစမ်းနေတုန်း ရွှေညောင်မြို့က အမျိုးသား နှစ်ယောက်ဆီကနေ ငွေအတု လုပ်စက်တွေနဲ့အတူ ဖမ်းမိခဲ့တာ” ဟု ရွှေညောင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ဘီးလင်းမြို့နယ်ရှိ အိုအေစစ် စားသောက်ဆိုင်တွင် လာရောက်တည်းခို နေသော အမျိုးသားသုံးဦးထံမှ ကမ္ဘောဇဘဏ်လီမိတက် (ဘားအံဘဏ်ခွဲ) တံဆိပ် ရိုက်နှိပ်ထားသော ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု သိန်း ၉၁၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ယင်းအမျိုးသားသုံးဦးကို စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၂၇ ရက်နေ့က တောင်ကြီးမြို့ရှိ ဆိုင်ကယ်ပွဲစားတန်းမှ ပွဲစားဖြစ်သူ ဦးတင့်လွင်က ငွေစက္ကူအစစ် ကျပ်သိန်း ၃၀ ဖြင့် ရောင်းချခဲ့ကြောင်း ထွက်ဆိုခဲ့သောကြောင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းရာမှ ငွေစက္ကူအတု ထုတ်လုပ်သော ဂိုဏ်းအဖွဲ့ဝင်များကို ရွှေညောင်တွင် ဖမ်းမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“သူတို့ပြောတဲ့ ဦးတင့်လွင်က တောင်ကြီးမှာ တကယ်ရှိတယ်။ ရဲတပ်ဖွဲ့က ဦးတင့်လွင်ကို ခေါ်စစ်ဆေးချိန်မှာ ဒီအမှုနဲ့ ဘာမှမပတ်သက်ဘူး ဆိုတာ ပေါ်လွင်ခဲ့တာကြောင့် ဘီးလင်းက ဖမ်းမိထားသူတွေနဲ့ ပတ်သက် ဆက်နွှယ်သူတွေကို ထပ်စုံစမ်းခဲ့ရာက ရွှေညောင်မြို့က အမျိုးသားနှစ်ယောက် နေအိမ်မှာ ငွေစက္ကူ အတုလုပ်တဲ့ စက်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာ” ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ငွေစက္ကူအတု ထုတ်သော ဂိုဏ်းအဖွဲ့ဝင်နှစ်ဦးမှာ ရွှေညောင်မြို့နယ် မင်္ဂလာအောင်မြေရပ်ကွက် တွင် နေထိုင်သော အသက် ၂၃ နှစ် အရွယ်ရှိ အောင်ထိုက်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ ဝဏ္ဏ (ခ) ဝဏ္ဏအောင်တို့ နှစ်ဦးဖြစ်ပြီး ၎င်းတို့၏ နေအိမ်အတွင်းမှ ငွေအတု ထုတ်လုပ်သော စက်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရွှေညောင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“အခု မိထားသူတွေက တစ်သောင်းတန်ကို ဟန်းဖုန်းနဲ့ ရိုက်ပြီး ကာလာပရင်တာနဲ့ ထုတ်ခဲ့တာလို့ ထွက်ဆိုပေမယ့် သူတို့ထုတ်တဲ့ ပိုက်ဆံအတုတွေက တော်တော် Quality ကောင်းတယ်။ သာမန်လူဆို အစစ်နဲ့ အတုခွဲဖို့ ခက်ခဲတယ်။ စသုံးလုံးအဖွဲ့က နောက်ကွယ်မှာ တရုတ်ပြည်ဘက်က ငွေအတုထုတ်တဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ ဆက်နွယ်နေမယ်လို့ ကနဦး ယူဆထားကြောင်း သိရတယ်” ဟု ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရွှေညောင်မြို့နယ်တွင် ဖမ်းမိသူနှစ်ဦးကို ငွေစက္ကူအတုများ စတင်ဖမ်းမိခဲ့ရာ မွန်ပြည်နယ် ဘီးလင်းမြို့မ ရဲစခန်းသို့ လွှဲအပ်ခဲ့ကြောင်း၊ ယင်းငွေ ကျပ်သိန်း ၉၀၀ ကျော် တစ်သောင်းတန်အတုများ သိမ်းဆည်းရမိမှုမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူ အသက် ၃၄ နှစ်မှ ၃၉ နှစ်ကြားရှိ အမျိုးသားသုံးဦး အပါအဝင် ၎င်းတို့ ငါးဦးကို နိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆/၁၀၇ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment