Thursday 4 December 2014

တရုတ်ဘဏ်များတွင် စာရင်းပိတ်ခံထားရသူများ အစိုးရထံ အကူအညီတောင်း

တရုတ်ဘဏ်များတွင် မြန်မာနိုင်ငံသားပိုင် ဘဏ်စာရင်း ၃၀၀ ကျော် ပိတ်ပင် ခံရသည့် ကိစ္စကို မြန်မာ အစိုးရတာဝန်ရှိသူများအနေဖြင့် ကူညီဆောင်ရွက်ပေးရန် မူဆယ်အခြေစိုက် ကုန်စည်ဒိုင်က တောင်းဆို လိုက်ကြောင်း သတင်းရရှိသည်။

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ် ယာထွက်ကုန် ပစ္စည်းကုန်စည်ဒိုင် မှ ဒီဇင်ဘာ ၂ ရက်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနထံ အကူအညီတောင်းခံသည့် စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

‘‘အကြောင်းပြချက်မရှိဘဲ ဘဏ်စာရင်းများ ပိတ်ခြင်းကြောင့်နှစ်နိုင်ငံ စီးပွားရေး ချစ်ကြည်ရေး ပျက်ပြား စေသည့် အပြင် ကုန်သည်များက တရုတ်နိုင်ငံအပေါ် ယုံကြည်မှုပျက်ပြားစေပါသည်။ ထို့ကြောင့်နှစ်နိုင်ငံ တာဝန်ရှိသူများအနေဖြင့် ကူညီဆောင်ရွက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်’’ ဟု ဖော်ပြထားသည်။

ဝန်ကြီးဌာနသို့ စာရောက် လာပါက ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီး ဌာနတို့နှင့် တိုင်ပင်၍ ဖြေရှင်းပေးနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့် တင်ရေးဦးစီး ဌာန ညွှန်ကြားရေး မှူးချုပ် ဦးတိုးအောင်မြင်က ပြောသည်။

နိုဝင်ဘာ ၂၈ ရက်ကစတင်ပိတ်လိုက်သည့် ဘဏ်စာရင်းများတွင် လယ်ယာ ထွက်ကုန်နှင့် ကောက်ပဲသီးနှံ ကုန်သည်များ ပါဝင်ပြီး စုစုပေါင်း တရုတ်ယွမ်ငွေ သိန်း ၉၀ ခန့်ရှိကြောင်း သတင်းရရှိသည်။

 ‘‘ဆန်ကုန်သည်တွေရောပဲကုန်သည်တွေရော ပါနေလို့ တရုတ်ဘက်က တာဝန်ရှိတဲ့ လူတွေကို သွားမေး တာ အားလုံး ပေါင်း တရုတ်ယွမ်သိန်း ၉၀ လောက်ရှိတယ်လို့ ပြောတယ်’’ဟု မူဆယ်အခြေစိုက် ပဲ၊ ပြောင်း၊ နှမ်းကုန်စည် ဒိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

တရုတ်နိုင်ငံမြောက်ပိုင်းရှိ မြို့တစ်မြို့တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သူနှစ်ဦးကို ဖမ်းမိပြီး နောက် တရုတ်-မြန်မာနယ်စပ်ရှိ ဘဏ်စာရင်း အချို့အား တရုတ် နိုင်ငံ နိုင်ငံရေးရာလုံခြုံရေးဌာနမှ သံသယရှိသော ငွေစာရင်းများ အား ယာယီပိတ်ထားရန် ညွှန် ကြားထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငွေစာရင်းများပိတ်ပင်သည့် ရက်ကြာရှည်လာပါက ဆန်နှင့် ပဲအရောင်းအ၀ယ်ရေးများ ထိခိုက်လာနိုင် ကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ပြောသည်။

လက်ရှိ ပိတ်ခံထားရသော ငွေစာရင်းများထဲတွင် အချို့သော ငွေစာရင်းများမှာ ငွေထုတ်ယူခွင့် မရသော် လည်း ငွေလွှဲခွင့်ရရှိနေ ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၆ ရက်မှစတင်၍ တရုတ်-မြန်မာနယ်စပ်ရှိ တရုတ် ဘဏ်များတွင် ဖွင့်လှစ်ထားသော မြန်မာ နိုင်ငံသားများ၏ ငွေစာရင်း များကို တရုတ် တာဝန်ရှိသူများက  စတင်ပိတ်ပင်ခဲ့ခြင်း  ဖြစ်သည်။

7Day DAILY  

No comments:

Post a Comment