Thursday 4 December 2014

မြ၀တီမြို့တွင် ကေအင်န်ယူက ဟိုတယ်တစ်လုံးဆောက်မည်

KNU အဖွဲ့က ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု စတင်သည့်အနေဖြင့် ကရင်ပြည်နယ် မြ၀တီမြို့၌ ပထမဆုံး ဟိုတယ်ကို တည်ဆောက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ရှယ်ယာပါဝင်ဖို့ ကမ်းလှမ်း ထားတာ သုံးယောက်ရှိနေပြီ။ လုပ်ငန်းစီမံကိန်းလည်း ရေးဆွဲ ထားပြီးပြီ။ ဒါကြောင့် လုပ်ငန်းက မကြာခင်စတင်တော့မယ်။ ဒါက ကရင်ဒေသ ဖွံ့ဖြိုးရေးအတွက် တစ်စိတ်တစ်ပိုင်းပါ’’ ဟု KNU အဖွဲ့ ကရင်ပြည်နယ် စီးပွားရေး တာဝန်ခံ ဗိုလ်မှူး စောမိုးစက်က ပြောသည်။

မြ၀တီတွင် တည်ဆောက် မည့် ဟိုတယ်မှာ အခန်း ၈၀ ပါဝင်မည်ဖြစ်ပြီး မူလမြေသတ်မှတ်ထားသည့် နေရာမှာ ကျူးကျော်မြေဖြစ်နေ၍ ပြည်နယ်အစိုးရထံ နေရာအတွက် ပြန်လည်တင်ပြထားသည်ဟု ဆိုသည်။ ယင်းဟိုတယ်စီမံကိန်းတွင် ပြည်တွင်းမှ လုပ်ငန်းရှင်တစ်ဦး၊ ထိုင်းနှင့် နော် ဝေးနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးစီ ပါဝင်မည်ဖြစ်ကြောင်း KNU မှ သိရသည်။

ထို့ပြင် ကရင်ပြည်နယ်အ တွင်း စိုက်ပျိုးရေးလုပ်ငန်း၊ လမ်း ပန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ကဏ္ဍအတွက် KNU နှင့် ဦးနေ ၀င်း၏မြေးများက ပူးပေါင်းရင်းနှီး မြှုပ်နှံရန် စီစဉ်နေသည်။

KNU သီးသန့်အနေဖြင့် အဝေးပြေးကားလိုင်းများတွင် ရင်းနှီးမြှုပ်နှံရန် ရန်ကုန်-နေပြည်တော် အပါအ၀င် ရန်ကုန်-ကရင်ပြည် နယ်ကားလိုင်းလေးလိုင်းပြေးဆွဲပေးရန် စီစဉ်ထားကြောင်း KNU ရန်ကုန်တိုင်းဒေသကြီး စီးပွားရေး တာဝန်ခံ ဗိုလ်မှူး မိုက်ကယ်က ပြောသည်။

‘‘KNU က စီးပွားရေးလုပ် နေတယ်။ ဒါက ကရင်ပြည်နယ် လူထုအတွက် အကျိုးဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့လဲ ဆို တော့ အခု KNU က တစ်အိမ်ကို ဆန်တစ်အိတ်ရယ်၊ ခြင်ထောင် ရယ်၊ မီးအိမ်တစ်လုံးရယ် လိုက် ပေးတယ်။ ပြီးတော့ ဂျပန်နဲ့ပေါင်း ပြီး ကရင်ပြည်နယ်ဖွံ့ဖြိုးရေး လုပ် နေတယ်လို့ ကြားတယ်’’ ဟု မြ၀ တီမြို့မှ အထည်ကုန်သည်တစ်ဦး က ပြောသည်။

ယခုနှစ် ဇန်န၀ါရီမှ အောက်တိုဘာအထိ နိုင်ငံခြား ခရီးသွားသန်းကျော်ရှိခဲ့ပြီး ဟိုတယ်အရေအတွက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁,၀၇၆ လုံးရှိပြီး အခန်းပေါင်း ၄၂,၀၃၇ ခန်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်အများစုမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင်သာရှိပြီး ကရင်ပြည်နယ်တွင် အလွန်နည်းပါး နေကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment