Thursday 4 December 2014

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး သမ္မတလက်မခံခြင်းသည် အခြေခံဥပဒေ ဖောက်ဖျက်ခြင်းဟုတ်၊ မဟုတ် အငြင်းပွားဖွယ်ဖြစ်

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို သမ္မတကလက်မခံပါက သမ္မတသည်အခြေခံဥပဒေကို ဖောက်ဖျက် ရာ ရောက်၊ မရောက်ဆိုသည်မှာ ဥပဒေပညာရှင်များအတွက် အငြင်းပွားဖွယ်ကိစ္စသာဖြစ်ကြောင်း လွှတ်တော် နှင့် ဥပဒေအသိုင်းအ၀ိုင်းက ပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၃ နှင့် ၂၂၈ (က) တွင် နိုင်ငံတော်သမ္မတသည် ပြည် ထောင်စု လွှတ်တော်ကို တာဝန်ခံ ရမည်၊ ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုလွှတ်တော်က အခါ အားလျော်စွာ ချမှတ်သည့် အုပ် ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော်ရမည် ဟု ပြဋ္ဌာန်းထားသည်။

‘‘နိုင်ငံတော်သမ္မတနဲ့ ပြည် ထောင်စုအစိုးရ၀န်ကြီးတွေက ဖွဲ့ စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာ ရပါမည် ဆိုတာကို လွှတ် တော်မှာလာပြီး ကတိသစ္စာပြု ထားရတဲ့သူတွေပါ’’ ဟု လွှတ်တော်၏ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ခြင်းမရှိပါက ဥပဒေကို မလိုက်နာရာရောက်နိုင်မည်လားဆိုသည့် မေးမြန်းမှုအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးသိန်း ထွန်းဦးက ပြောသည်။

သို့သော် ပြည်ထောင်စုလွှတ် တော်၏ အတည်ပြုချက်တွင် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ဟုသာ ပါရှိနေသဖြင့် အစိုးရအဖွဲ့သည် လွှတ်တော်၏ တိုက်တွန်းချက်ကို လေးစားဖို့ တာဝန်သာရှိနေသည် ဟု တရား လွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

‘‘အမြန်ဆုံးစီစဉ်ပေးရန် ဆို တာမျိုးနဲ့ အတည်ပြုတယ်ဆိုရင်တော့ ဒါကိုအစိုးရက လုပ်ကိုလုပ်ပေးရမယ်။ မလုပ်ရင် လွှတ်တော်က စွပ်စွဲပြစ်တင်နိုင်တယ်’’ ဟု ဦးကိုနီက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၏ သဘောတူဆုံးဖြတ်မှုကို အုပ်ချုပ်ရေးပိုင်းမှ အကောင်အထည်ဖော် ဆောင်ရွက် ပေးရခြင်းဖြစ်သည့် အတွက် နိုင်ငံတော်သမ္မတအနေ ဖြင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို  ပေါ်ပေါက်စေရန် ဆောင်ရွက် ပေးရမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုဆုံးဖြတ် ချက်ကို သမ္မတအနေဖြင့် စွက် ဖက်ခွင့်နှင့် ငြင်းဆိုခွင့်မရှိကြောင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင် ကြည်ညွန့်က ပြောသည်။

ထို့ပြင် ခြောက်ပွင့်ဆိုင် တွေ့ ဆုံမှုနှင့်ပတ်သက်၍ သမ္မတ၏  ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ အမြင်သည် ၎င်း၏ အာဘော်သာဖြစ်ပြီး သမ္မတက တရားဝင်ငြင်းဆန် သည်ဟု ပြော ကြားခြင်းမဟုတ်ကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက် က ပြောကြားသည်။

‘‘တကယ်တမ်းဆို သမ္မတက ရှောင်သွားလို့ရတယ်။ သူပြောပါတယ်လို့ တစ်ခွန်းမှမပါဘူး။ ဦးရဲထွဋ် ဘာသာ ပြောနေတာလို့ ယူဆရမယ်’’ ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင်တစ်ဦးက ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် အစိုးရအဖွဲ့နှင့် သက်ဆိုင်သောအဆိုတစ်ခုကို အတည်ပြုပြီးပါက ဆက်လက် ဆောင်ရွက်ရန် အစိုးရအဖွဲ့သို့ သ၀ဏ်လွှာ ချက်ချင်းပေးပို့ရပြီး ဒီဇင်ဘာ ၂ ရက်အထိ သမ္မတထံ သ၀ဏ်လွှာ ပေးပို့ထားခြင်း    ရှိ၊ မရှိကိုမူ ကိုယ်စားလှယ်အနေဖြင့် မသိနိုင် ဘဲ လွှတ်တော်နာယက၏ လုပ် ပိုင်ခွင့်သာဖြစ်သည်ဟု အဆိုရှင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ထွန်းက ပြောသည်။

‘‘တွေ့ဆုံဆွေးနွေးမှုနဲ့ပတ် သက်ပြီး အခြေခံချဉ်းကပ်ပုံချင်း ကွာခြားနေတဲ့အတွက် လောလောဆယ်တော့ အဲဒီပုံစံနဲ့တွေ့ဖြစ် မယ်မထင်ပါဘူး။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ အဆိုဖြစ်ပါတယ်။ ဒါဟာ သူတို့ သဘောထားကို ထင်ဟပ်ခြင်းသာဖြစ်ပါတယ်။ အဆိုဟာ တိုက်တွန်းတဲ့ သဘောသာဖြစ်တယ်။ မဖြစ်မနေ လုပ်ရ မယ့် ကိစ္စမဟုတ်ဘူးလို့ပဲ ကျွန်တော်နားလည်ပါတယ်’’ ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ်က 7Day Daily အား ဖြေကြားထားသည်။

အစိုးရဘက်မှ ခြောက်ပွင့်ဆိုင်ကို မတွေ့လိုကြောင်း သဘောထားများထွက်လာသော်လည်း အဆိုပါ ခြောက်ပွင့်ဆိုင်ထဲတွင် ပါဝင်သည့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကတို့ နှစ်ဦးသည် ဒီဇင်ဘာ ၁ ရက်ကပင် သီး သန့်တွေ့ဆုံခဲ့ကြသေးသည်။

7Day DAILY 

No comments:

Post a Comment