Tuesday 16 December 2014

မွန်အမျိုးသားနေ့ အခမ်းအနား စီးပွားရေးကြောင့် ကုန်ကျစရိတ် ချွေတာမည်

(၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့တွင် ကျင်းပမည် ဖြစ်ရာ နယ်မြေစီးပွားရေး အခြေအနေကြောင့် ကုန်ကျစရိတ်ကို ချွေတာကျင်းပမည် ဖြစ်ကြောင်း မွန် အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ယင်းအခမ်းအနားကို ကမာဝက်တွင် ကျင်းပခဲ့ပြီး သိန်း ၇၀၀ ကျော် ကုန်ကျခဲ့သည်။

ယခုနှစ်တွင် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၈) ကြိမ် မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ရေးမြို့တွင် ကျင်းပမည်ဖြစ်ပြီး ဒေသ၏ အဓိက စီးပွားရေး ဖြစ်သည့် ရော်ဘာဈေးနှုန်း ကျဆင်းနေသည့်အတွက် ပြီးခဲ့သည့် နှစ်ကကဲ့သို့ အကုန်အကျ ခံနိုင်မည် မဟုတ်ဟု (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဝင် (ဗဟို) နိုင်စိုးပိုင်က ပြောကြား သည်။ “သိန်း ၅၀၀ လောက်ပဲ အကုန်ခံနိုင်မယ်လို့ ခန့်မှန်းထားတယ်၊ မနှစ်ကလောက်တော့ မလုပ် ပေးနိုင်ဘူး စီးပွားရေးကြောင့်ပေါ့ဗျာ” ဟု နိုင်စိုးပိုင်က ရှင်းပြသည်။

သို့သော်လည်း မိမိတို့ တတ်စွမ်းသမျှ (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို စည်စည် ကားကား ဖြစ်အောင် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ပြောကြားသည်။

ယခုနှစ် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားသို့ ဒေသတွင်းရှိ နိုင်ငံရေးပါတီ အားလုံး ဖိတ်ကြားရန် စီစဉ်ထား သည့် အပြင် နိုင်ငံတော်သမ္မတ အဆင့်ထိ ဖိတ်ကြားရန်လည်း စီစဉ်ထားကြောင်း (၆၈) ကြိမ်မြောက် မွန် အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ထံမှ သိရသည်။

ယခင်က မွန်အမျိုးသားနေ့ အခမ်းအနားကို မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပ ရေး ကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။

ကျင်းပရေးကော်မတီ ဗဟိုအဆင့်ကို ဖွဲ့စည်းပြီး နောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း နေရာ ဒေသ ပြောင်းရွှေ့ကာ မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်တွင် တစ်နှစ်လျှင် တစ်မြို့နယ် အလှည့်ကျ ကျင်းပ လာခဲ့သည်။

ထို့အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းအပြင် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း မွန်အမျိုးသားနေ့ အခမ်းအနားကို ၎င်းတို့၏ အားလပ် ရက်များတွင် ကျင်းပလေ့ ရှိကြသည်။

၂၀၁၄ ခုနှစ် ဗဟိုအခမ်းအနားကို ကမာဝက်တွင် လည်းကောင်း၊၂၀၁၃ ခုနှစ်တွင် ပေါင်မြို့၊ ၂၀၁၂ ခုနှစ် တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ ၂၀၁၁ ခုနှစ်တွင် မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ် ၂၀၁၀ ပြည့်နှစ်က ချောင်းဆုံနှင့် ၂၀၀၉ ခုနှစ်က မုဒုံတွင် ကျင်းပလာခဲ့သည်။

သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာတော်နှစ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့ အဖြစ် သတ် မှတ်ကာ ကျင်းပလာခဲ့ကြသည်။

(Dawei Watch)
The Voice Weekly 

No comments:

Post a Comment