Tuesday 16 December 2014

လားရှိုးမြို့မှ လုပ်ငန်းရှင်တစ်ဦးအား တရုတ်နိုင်ငံသားတစ်စုက ငွေကြေးရလိုမှုဖြင့် ပြန်ပေးဆွဲလူသတ်မှု ဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ လုပ်ငန်းရှင်တစ်ဦးအား တရုတ်နိုင်ငံသားတစ်စုက ငွေကြေး ရလို မှုဖြင့် ပြန်ပေးဆွဲပြီး လူသတ်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသူမှာ ဦးမျိုးမြင့် အသက် ၅၅ နှစ်ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီ ၂၇ မိနစ်တွင် ဦးမျိုးမြင့်မှာ ၎င်းဖွင့်လှစ်ထားသော Happy Time ကလေးအားကစားကွင်းမှ ထွက်ခွာသွားပြီး မန်ဆူဘုရားလမ်းသို့ ၁ဝ နာရီ ၃၃ မိနစ်တွင် ဖြတ်သွားကြောင်း စီစီတီဗွီမှတ်တမ်းများအရ သိရပြီး ဦးမျိုးမြင့် ပျောက်ဆုံးမှုအား ၎င်းမိသားစုက ညနေ ၄ နာရီခန့်မှ သတိထားမိကာ ရဲတပ်ဖွဲ့က ည ၈ နာရီခန့်တွင် ပတ်ဝန်းကျင်သတင်းများအရ သိရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“Royal Ground  ဟိုတယ်မှာ တည်းနေတဲ့ တရုတ်နိုင်ငံသားတွေက ဦးမျိုးမြင့်နဲ့ လုပ်ငန်းစပ်တူ လုပ်ချင်တယ်ဆိုပြီး ဆက်သွယ်တယ်ဆိုတဲ့ သတင်းလေးရလိုက်တယ်။ ဒါနဲ့ Royal Ground ဟိုတယ်မှာရှိတဲ့ စီစီတီဗွီမှတ်တမ်းတွေ၊ ဦးမျိုးမြင့်ရဲ့ Happy Time ကလေးအားကစားကွင်းမှာရှိတဲ့ စီစီတီဗွီမှတ်တမ်းတွေ ညတွင်းချင်းထုတ်ပြီး လူပျောက်အနေနဲ့ သက်ဆိုင်ရာစခန်းတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့တယ်။ တရုတ်တွေက ဦးမျိုးမြင့်ကိုလာတွေ့တယ်ဆိုတော့ ဒီပြဿနာမှာ တရုတ်တွေနဲ့ ပါဝင်ပတ်သက်မှု ရှိနိုင် တယ်ဆိုတော့ သံသယရှိလို့ တစ်ဖက်တရုတ်နိုင်ငံမှာရှိတဲ့ ရွှေလီမှုခင်းရဲတပ်ဖွဲ့ကို ဒီဇင်ဘာ ၁၃ ရက်မှာ အကြောင်းကြားပြီး ဆောင်ရွက်ခဲ့တယ်” ဟု လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်အမျိုးသား လူသုံးယောက်နှင့် အလောင်းတစ်လောင်းတွေ့သဖြင့် ရွှေလီ ဆေးရုံ တွင် ပို့ထားကြောင်း စိစစ်ရန် တရုတ်နိုင်ငံဘက်မှ အကြောင်းကြားလာသဖြင့် သွားရောက်စိစစ်ခဲ့ရာ ဦးမျိုးမြင့်အလောင်းဖြစ်နေပြီး အလောင်းနှင့်အတူ တွေ့ရသော တရုတ်အမျိုးသားသုံးဦးအား တရုတ်ရဲမှ ဖမ်းဆီးကာ စစ်ကြောရေးလုပ်ဆောင်နေကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

ပြန်ပေးဆွဲခံရပြီး သေဆုံးသွားသူ ဦးမျိုးမြင့်၏ ညီဖြစ်သူမှာ နမ္မတူမြို့ရှိ သတ္တုလုပ်ငန်းတစ်ခုတွင် ၂ဝဝ၅ ခုနှစ်ခန့်က တရုတ်လုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်မှုများရှိခဲ့ကာ လုပ်ငန်းအဆင်မပြေဘဲ အရှုံးပေါ် ခဲ့သဖြင့် လျော်ကြေးများပေးခဲ့ပြီး ဖြစ်သော်လည်း တရုတ်လုပ်ငန်းရှင်များဘက်မှ ၎င်း၏ အစ်ကိုဖြစ်သူထံ ငွေကြေးထပ်မံညှစ်တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

ဦးမျိုးမြင့်စီးနင်းသွားသော ယာဉ်အား ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက လားရှိုးမြို့ မန်နားကျေးရွာ အနီးတွင် တွေ့ရပြီး ကားနောက်ပိုင်းတွင် ကားချင်းထိ၍ အနည်းငယ်ချိုင့်နေပြီး ရှေ့မှန် အနည်းငယ်ကွဲအက်နေ သည်ကို တွေ့ရကြောင်း သိရသည်။

ဦးမျိုးမြင့်သည် လားရှိုးမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လုပ်ငန်းအများအပြား လုပ်ကိုင်နေသူ ဖြစ်သည့်အပြင် လားရှိုးမြို့ ဘာသာမရွေးနာရေးကူညီမှုအသင်း၏ ဥက္ကဠအဖြစ် ဆောင်ရွက်နေသူ လည်း ဖြစ် ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment