Tuesday 16 December 2014

ဆစ်ဒနီကဖေးဆိုင် ဓားစာခံ ဖမ်းဆီးမှု အဆုံးသတ်ပြီ

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၆။ ယမန်နေ့ နံနက်ပိုင်းက စတင် ဖြစ်ပွားခဲ့သည့် သြစတြေးလျ နိုင်ငံ ဆစ်ဒနီ မြို့ရှိ လင့်ဒ်ကဖေး ဓားစာခံ ဖမ်းဆီးမှုမှာ ယနေ့ နံနက် အစောပိုင်းတွင် ရဲတပ်ဖွဲ့များ၏ ၀င်ရောက် ရှင်းလင်းမှုနှင့် အတူ အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။
ရဲများသည် နံနက် ၂ နာရီ ခန့်တွင် ကဖေးဆိုင် အတွင်းမှ ဓားစာခံများ လွတ်ထွက်လာမှုကြောင့် ၀င်ရောက် ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။ဦးစွာ လူတစ်ဦး ဆိုင်အတွင်းမှ ပြေးထွက် လာခဲ့ပြီးနောက် ချက်ခြင်း လိုပင် လူငါးယောက် ထပ်မံ ပြေးထွက်လာကြသည်။ ယင်းနောက် တွင် သေနတ်သံ ထွက်ပေါ်လာခဲ့သည့် အတွက် ရဲများက ချက်ချင်းပင် ကဖေးဆိုင်ကို ၀င်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။ ရဲများက မီးခိုးဗုံးများ ပစ်သွင်းကာ ၀င်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စီးနင်းမှုတွင် သေနတ်သမားကို ပစ်ခတ် ဖမ်းဆီး နိုင်ခဲ့ကာ ယင်းသေနတ် သမားမှာ ဆေးရုံတွင် သေဆုံးသွား ခဲ့သည်။

သေနတ်သမားမှာ အသက် ၅၀ အရွယ်ရှိ ဟာရွန်မိုနစ် ဆိုသူဖြစ်ပြီး အီရန် နိုင်ငံသား ဒုက္ခသည် တစ်ဦး ဖြစ်သည်။ မိုနစ်သည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကျုးလွန်ခဲ့ ဖူးသူ ဖြစ်ပြီး ကျဆုံး သြစတြေးလျ စစ်သားများ၏ မိသားစုများထံ အမုန်းပွား တိုက်ခိုက်သည့် အီးမေးလ်များ ပို့ခဲ့သည့် အတွက် လူမှုရေး လုပ်ငန်းများကို နာရီ ၃၀၀ လုပ်ဆောင်ရန် အပစ်ပေး ခံထားရသူ လည်း ဖြစ်သည်။ဓားစာခံများ ထွက်ပြေးချိန်တွင် သေနတ်သမားကို တားဆီးရန် ကြိုးပမ်းခဲ့သည့် လင့်ဒ်ကဖေး၏ အသက် ၃၄ နှစ် အရွယ်ရှိ မန်နေဂျာ တိုရီဂျွန်ဆင် ဆိုသူမှာ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် နေရာမှာပင် သေဆုံးခဲ့ပြီး ရှေ့နေတစ်ဦး ဖြစ်သည့် အသက် ၃၈ နှစ် အရွယ် အမျိုးသမီး ကတ်ထရီနာ ဒေါ်ဆင်မှာလည်း သေနတ်သမားကြောင့် ရရှိခဲ့သည့် သေနတ်ဒဏ်ရာဖြင့် ဆေးရုံသို့ အရောက်တွင် ကွယ်လွန် သွားခဲ့သည်။

အဆိုပါ စီးနင်းမှုတွင် ရဲအရာရှိ တစ်ဦးလည်း ဒဏ်ရာ ရခဲ့ပြီး အမျိုးသမီး နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိသည့် ဒဏ်ရာများ ရရှိခဲ့သည်။ အခြား အမျိုးသမီး တစ်ဦးမှာလည်း ပုခုံးတွင် ကျည်ဆန်ထိမှန်သည့် ဒဏ်ရာ ရရှိခဲ့သည်။

Ref: Daily Mail
Mizzima - News in Burmese 

No comments:

Post a Comment