Tuesday 16 December 2014

စိုက်ပျိုးရေးတက္ကသိုလ် ဓာတ်ခွဲခန်းအတွက် ဂျပန်နိုင်ငံက အကူအညီ ပေးမည်

နေပြည်တော် (မဇ္ဈိမ)။ ။ စိုက်ပျိုးရေး တက္ကသိုလ် (ရေဆင်း)တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ မီလီယံ အကုန်အကျခံ တည်ဆောက်မည့် ဓာတ်ခွဲခန်းများအတွက် ဂျပန်နိုင်ငံအစိုးရအဖွဲ့မှ ကူညီပေးသွားမည်ဟု ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မျိုးကြွယ်က ပြောသည်။

“တက္ကသိုလ်မှာပဲ ဌာနကိုးခုက သုတေသနလုပ်ဖို့အတွက် ဓာတ်ခွဲခန်းတွေ လှူ ဒါန်းတာဖြစ်ပါတယ်။ သင်ရိုး ညွန်းတမ်းတွေ အတွက်လည်း သြစတြေးလျနဲ့ လုပ်ဆောင်နေတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောကြားခဲ့ သည်။ အဆိုပါ ဓာတ်ခွဲခန်းများကို တည်ဆောက်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက် ရှိပြီး ၂၀၁၅ -၁၆ ခုနှစ် ပညာသင် နှစ်အမီ ကျောင်းသားများက နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းများအဖြစ်လည်း အသုံးပြုနိုင်မည်ဟု ဆိုသည်။

လက်ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် ဒေါက်တာဘွဲ့ရများ အပါအဝင် ဆရာ၊ ဆရာမ ၁၈၀ ဦးဖြင့်သင် ကြားပေးလျက်ရှိပြီး ထပ်မံဖြည့်တင်းရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေး တက္ကသိုလ်မှ နှစ်စဉ် ကျောင်းသူ၊ ကျောင်းသား ၄၀၀ လက်ခံ သင်ကြားပေးလျက်ရှိပြီး ယခု ပညာသင်နှစ် တွင် ကျောင်းသူ၊ ကျောင်းသား ၆၀၀ အထိ လက်ခံသင်ကြားပေးနေကြောင်း ဒေါက်တာ မျိုးကြွယ်ထံမှ သိရသည်။

ထိုတက္ကသိုလ်မှ ဆရာ၊ ဆရာမ ၂၀ ဦး ကိုလည်း ဂျပန်နိုင်ငံသို့ ပညာတော်သင် စေလွှတ်ထားသည်။

စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၁၀,၀၀၀ ကျော်မွေးထုတ် ပေးထားပြီးဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment