Tuesday 16 December 2014

ခုနစ်နှစ်အတွင်း အီးယူက ယူရိုသန်း ၆၀၀ ကျော် ထောက်ပံ့မည်

မြန်မာနိုင်ငံ၏ ဘက်စုံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အတွက် ခုနစ်နှစ်အတွင်း ယူရို သန်း ၆၀၀ ကျော် (အမေရိကန်ဒေါ်လာသန်း ၉၀၀)ထောက်ပံ့ မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။

၂၀၁၄ မှ ၂၀၂၀ အတွင်း မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုး ရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံရေး၊ ပညာရေး၊ စီမံအုပ်ချုပ်မှုနှင့် တရားဥပဒေစိုး မိုးရေး၊ ငြိမ်းချမ်းရေးဖော်ဆောင် ရေးစ သည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် ထောက်ပံ့ငွေများကို အသုံးပြုမည် ဖြစ်သည်။

ဥရောပသမဂ္ဂသည် အဓိက ကဏ္ဍနှစ်ရပ်ဖြစ်သည့် ကျေးလက် ဒေသရေရှည်ဖွံ့ဖြိုးရေး၊ စိုက်ပျိုး ရေး၊ စားနပ် ရိက္ခာနှင့် အာဟာရ ဖူလုံရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတို့အတွက် ယူရို ၂၄၁ သန်းစီ ကူညီထောက်ပံ့မည် ဖြစ်သည်။

ဒီမိုကရေစီနှင့် အခြားအဖွဲ့ အစည်းများပြုပြင်ပြောင်းလဲရေး အတွက် ယူရို ၆၉ သန်းသတ်မှတ် ထားပြီး စီမံအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးစွမ်းရည်စသည့် အစီအစဉ်များ အတွက် အသုံးပြုမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေး နွေးရေး၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး စသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများအတွက် ယူရို ၁၀၃ သန်းထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဥရောပသမဂ္ဂ၏ နိုင်ငံတ ကာပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ ဖြိုးတိုးတက်မှုကော်မရှင်နာ နီဗန် မီမီကာက ယခု အစီအစဉ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ နှစ်ရှည်မူဘောင်တစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့၏ ၂၀၁၁ တွင် စတင်တည်ဆောက်ခဲ့သော လက်တွဲဆောင်ရွက်မှုအသစ်အဖြစ် ထင်ဟပ် စေမည်ဖြစ်ကြောင်းပြောသည်။

ဥရောပသမဂ္ဂအနေဖြင့် အ ထက်ပါထောက်ပံ့မှုအစီအစဉ်အ ပြင် ဥရောပသမဂ္ဂ၏ အခြားကဏ္ဍ များနှင့် ဒေသဆိုင်ရာလုပ်ငန်းစဉ်များအရ မြန်မာနိုင်ငံအတွက် အထောက်အပံ့များ ထပ်မံပေးအပ် သွားမည်ဖြစ် ကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment