Tuesday 16 December 2014

လားရှိုးမြို့မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး တရုတ်နယ်စပ်သို့ အဓမ္မဖမ်းဆီးခေါ်ဆောင် အသတ်ခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ Happy Time ကလေး ကစားကွင်း ပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးကို လားရှိုးမြို့နယ်အတွင်း တရုတ်နိုင်ငံသားများက ဝင်ရောက်အဓမ္မ ဖမ်းဆီးခဲ့ပြီး တရုတ်နယ်စပ်ဘက်သို့ ခေါ်ဆောင် အသတ်ခံခဲ့ရသောကြောင့် အမှုမှန် ပေါ်ပေါက်ရန် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းစုံစမ်းနေကြောင်း လားရှိုးမြို့မ ရဲစခန်းထံမှ သိရှိရသည်။

လားရှိုးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလုပ်အမှုဆောင်လည်း ဖြစ်သူ ဦးမျိုးမြင့်မှာ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက Happy Time ကလေးကစားကွင်းမှ နေအိမ်သို့ ကိုယ်ပိုင်ယာဉ်ဖြင့် ပြန်လာစဉ် တရုတ်နိုင်ငံသား လေးဦးက ယာဉ်ချင်းဝင်တိုက်ကာ ၎င်းကို ဖမ်းဆီးခဲ့ပြီး တရုတ်နယ်စပ် ဘက်သို့ ခေါ်ဆောင်သွားရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လားရှိုးမြို့မ ရဲစခန်းမှ ရဲမှူးတင်ဖေဝင်း က ပြောကြားသည်။

“ဦးမျိုးမြင့်ရဲ့ ကားကို လားရှိုးမြို့ မန်နားကျေးရွာနားမှာ သူတို့အဖွဲ့က ကားကားချင်း ဝင်တိုက်ပြီး ဖမ်းဆီးခဲ့ တာ။ ပြီးတော့ ပါးစပ်ကို တိပ်နဲ့ပိတ်ပြီး ကားနောက်ခန်းထဲ ချုပ်နှောင်ထည့်ထားရာက တိပ်က နှာခေါင်းပါ ပိတ်မိပြီး အသက်ရှူရပ် သေဆုံးခဲ့တာ။ တရုတ်ဘက်ရောက်မှ စစ်ဆေးရေးဂိတ်က ရှာဖွေတော့ သေဆုံးသူ ရုပ်အလောင်းနဲ့ တရုတ်လေးဦးကို ဖမ်းမိခဲ့တာ” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

ဦးမျိုးမြင့်၏ ရုပ်အလောင်းနှင့်အတူ ဖမ်းမိခဲ့သော တရုတ်နိုင်ငံသား လေးဦးအနက် တစ်ဦးမှာ ဒီဇင်ဘာလ ၈ ရက်နေ့က ဦးမျိုးမြင့် ပိုင်ဆိုင်သော Happy Time ကလေးကစားကွင်းသို့ လာရောက်ခဲ့သော တရုတ်နိုင်ငံ သား နှစ်ဦးအနက် တစ်ဦးနှင့် ရုပ်ချင်းတူကြောင်း ကစားကွင်းရှိ CCTV မှတ်တမ်း စစ်ဆေးချက်များအရ သိရှိရကြောင်း လားရှိုးမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ဦးမျိုးမြင့်က မြို့မျက်နှာဖုံး လူမှုဆက်ဆံရေး ကောင်းလို့ လူတကာက သူ့ကိုချစ်ကြတယ်။ အခုသေဆုံးမှုမှာ စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်လိမ့်မယ်လို့ ယူဆမိတယ်။ ဘာကြောင့်လဲဆို သူနဲ့ တရုတ်နိုင်ငံသားတွေနဲ့က နမ္မတူက သတ္တုတွင်းလုပ်ငန်းနဲ့ Happy Time ကလေးကစားကွင်း လုပ်ငန်းတွေမှာ ဆက်စပ်မှု ရှိတယ်လေ” ဟု လားရှိုးမြို့နယ်ရှိ လုပ်ငန်းရှင်ကြီးတစ်ဦးက ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။

သေဆုံးခဲ့သူ ဦးမျိုးမြင့်၏ ညီဖြစ်သူက လွန်ခဲ့သော ရှစ်နှစ်က တရုတ်နိုင်ငံသားများနှင့် အကျိုးတူသတ္တုတွင်း လုပ်ငန်းတစ်ခု လုပ်ကိုင်ခဲ့ရာမှ အရှုံးပေါ်ခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ တရုတ်သံရုံး၌ ယွမ်သိန်း ၂၀ ကို ပေးလျော်ခဲ့ရကြောင်း ဖမ်းမိခဲ့သော တရုတ်နိုင်ငံသား လေးဦးက ထွက်ဆိုခဲ့သော်လည်း သေဆုံးခဲ့သူ ဦးမျိုးမြင့်နှင့် လက်ရှိ တရုတ်နိုင်ငံသားများ ပတ်သက်ဆက်နွှယ်နေသော စီးပွားရေး လုပ်ငန်းများကိုမူ စစ်ဆေးမေးမြန်း၍ မရသေးကြောင်း တရုတ်နိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းပေးပို့ချက်များအရ လားရှိုးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြန်လည်ပြောကြားသည်။

ယင်းလူသေဆုံးမှုနှင့် ပတ်သက်၍ ရွှေလီ မှုခင်းရဲတပ်ဖွဲ့မှ ခိုင်မာသော သတင်းပေးပို့မှုများ မရရှိသေး သောကြောင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ မှုခင်း စုံစမ်းဖော်ထုတ်နိုင်ရန် ရဲအရာရှိတစ်ဦးကို စေလွှတ် စုံစမ်းခိုင်း ထားကြောင်း လားရှိုးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ပြည်တွင်း၌ နိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံသားလေးဦးက အဓမ္မ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ မည်သို့မှ လက်ခံနိုင်ဖွယ်ရာမရှိဘဲ အလောင်းကို တရုတ်နယ်စပ်သို့ သယ်ယူနိုင် ခဲ့ခြင်း မှာ မူဆယ် ၁၀၅ မိုင် အပါအဝင် နယ်စပ် စစ်ဆေးရေးဂိတ်များ၏ အခြေအနေမှာ မေးခွန်းထုတ် ရမည် ဖြစ်ကြောင်း လားရှိုးမြို့ခံများက ပြောကြားသည်။

(နေမျိုးနွယ်)
The Voice Weekly

No comments:

Post a Comment