Tuesday 2 December 2014

ကျေးလက် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကျပ် ၄၄၅ ဘီလီယံကျော်သုံးစွဲ

ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ယခုဘဏ္ဍာနှစ်အထိ ငွေကျပ် ၄၄၅ ဘီလီယံကျော် သုံးစွဲခဲ့သည်ဟု နိုဝင်ဘာ ၂၈ ရက်၌ ထုတ်ပြန်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ အစိုးရသစ် ကာလအ တွင်း ဆောင်ရွက်ချက်များတွင် ဖော်ပြထားသည်။

ကျေးလက်ဒေသ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်း၊ တံတား၊ ရေရရှိရေး၊ မီးလင်းရေးစသည့် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်လမ်း ၈,၃၉၇ မိုင်၊ ကျေးလက်တံတား ၁၃၉,၀၄၂ ပေ တည်ဆောက်ခဲ့ပြီး ငွေကျပ် ၃၅၀,၀၁၂ ဒသမ ၆၄ သန်း သုံးစွဲခဲ့ခြင်းဖြစ်သည်။

ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်း များအတွက် ကျေးရွာပေါင်း ၃၅,၇၂၅ ရွာ တွင် ဆောင်ရွက်ခဲ့ပြီး ငွေကျပ်သန်းပေါင်း ၆၄,၂၂၀ အသုံးပြုခဲ့သည်။ ကျေးလက် မီးလင်းရေး လုပ်ငန်းများအတွက် ကျေးရွာ ပေါင်း ၂,၆၅၆ ရွာတွင် ငွေကျပ် ၄၁,၇၁၅ ဒသမ ၁၂ သန်း သုံးစွဲအကောင်အထည် ဖော်ခဲ့သည်ဟု ဖော်ပြ ပါရှိသည်။

လမ်းတံတားနှင့် လျှပ်စစ်မီးစသည့် ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများသည် နည်းပညာပိုင်းဆိုင်ရာနှင့် ဘဏ္ဍာရေး ငွေအခက်အခဲများကြောင့် စီမံကိန်းလျာထားချက်များ နှောင့်နှေးနေရသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြား ထားသည်။

ကျေးလက် လျှပ်စစ်မီးရရှိရန် ကျေးရွာ ပေါင်း ၄၃,၀၀၀ ကျော် ကျန်ရှိနေသေးပြီး မီးရရှိရေးအတွက် ကျေးရွာပေါင်း ၂,၀၀၀ ခန့်ကို သာ ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ပေးနိုင်မှု မမျှတသည့်အတွက် အစိုးရအပြင် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရမည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ထို့ပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာ ဗျူဟာအရ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်မှ စတင်အကောင် အထည်ဖော် လျက်ရှိပြီး ကျေးရွာ ၁,၄၅၀ တွင် ငွေကျပ် ၄၃ ဒသမ ၅ ဘီလီယံကို သုံးစွဲ အကောင်အထည်ဖော်မည် ဖြစ်သည်။ မြစိမ်းရောင် စီမံကိန်းသည် ကျေးရွာတစ်ရွာလျှင် ကျပ်ငွေ သိန်း ၃၀ မတည်ကာ ကျေးလက်နေပြည်သူများကို အတိုးနှုန်း ၀ ဒသမ ၅- ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည့် စီမံကိန်း ဖြစ်သည်။

ကျေးရွာလူထုကိုယ်တိုင် ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံ စသည့်လုပ်ငန်းကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက် ရမည့် လူထုအခြေပြုစီမံကိန်းကိုလည်း ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၂၇၀ ဖြင့် သုံးနှစ်ဆက်တိုက် ထောက်ပံ့ဆောင်ရွက်နေသည်။

အဆိုပါစီမံကိန်းကို အီတလီဖွံ့ဖြိုးရေး အဖွဲ့မှ အတိုးမဲ့ချေးငွေ ယူရိုသန်း ၂၀ ဖြင့် ကျန်ရှိသည့်ကျေးလက် ဒေသများကို တိုးချဲ့ဆောင်ရွက်ရန် စီစဉ်နေပြီး လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၉၂ သန်းဖြင့် မြို့နယ် ၁၅ မြို့နယ်ရှိ ကျေးရွာများအားလုံးနှင့် ကျေးရွာအုပ်စု ၆၄ စုတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိနေသည်။

Mizzima - News in Burmese 

No comments:

Post a Comment