Tuesday 1 July 2014

Master Sport ဖိနပ်စက်ရုံ ပိတ်သိမ်းလိုက်၍ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား ၈၀၀ကျော် နစ်နာကြေးတောင်းဆိုနေ

လှိုင်သာယာ စက်မှုဇုန် (၃)ရှိ Master Sport ဖိနပ်စက်ရုံပိတ်သိမ်းလိုက်သဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများက လျှော်ကြေးငွေရရှိရန် စက်ရုံရှေ့တွင် တောင်းဆိုနေသည်မှာ ဇူလိုင် ၁ရက်နေ့တွင် ခြောက်ရက်မြောက်သွားပြီဟု အလုပ်သမားခေါင်းဆောင် ကိုကျော်စွာက မဇ္ဈိမကိုပြောသည်။ Master Sport ဖိနပ်ချုပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီး စက်ရုံရှိ အလုပ်သမား ၈၀၀ခန့်က လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရန် စက်ရုံပိတ်သိမ်းသည့် နေ့မှ စတင်ကာ နံနက် ၇နာရီမှ ညနေ ၄နာရီအထိ တောင်းဆိုနေခြင်းဖြစ်သည်။ 

"ကျွန်တော်တို့တွေက အခုဆန္ဒပြတာမဟုတ်ဘူး။ တောင်းဆိုနေတာပါ။ ဥပဒေအတိုင်း လစာနဲ့ နစ်နာကြေး ပေးမယ့် ရက်အထိကို စက်ရုံရှေ့မှာ အလုပ်သမားအကုန် ဒီတိုင်းထိုင်ပြီးနေမှာပါ"ဟု ကိုကျော်စွာက ပြောသည်။ Master Sport ဖိနပ်စက်ရုံတွင် ဆက်လက်လည်ပတ်ရန် ကုန်ကြမ်းမလုံလောက်တော့သဖြင့် စက်ရုံပိတ်သိမ်းမည်ဟု စက်ရုံတာဝန်ခံ ဒေါ်ခင်ထွေးက ဇွန်လ ၂၅ရက်က အလုပ်သမားများကို အသိပေးခဲ့သည်ဟု ကိုကျော်စွာက ဆိုသည်။ 

ယင်းသို့ စက်ရုံပိတ်သိမ်းခဲ့ရသဖြင့် စက်ရုံမှ အလုပ်သမားများအတွက် လုပ်ခလစာ တစ်လစာနှင့် နစ်နာ ကြေးများ ပေးရန် ဇွန်လ ၃၀ရက်က အလုပ်သမား ခေါင်းဆောင်များနှင့် စက်ရုံမန်နေဂျာ မစ္စတာဂျောင်တို့ လှိုင်သာယာရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းခဲ့သေးသည်။ ညှိနှိုင်းရာတွင် စက်ရုံပိုင်ရှင် တောင်ကိုရီးယား နိုင်ငံသားမှာ ပြည်ပသို့ ရောက်ရှိနေသဖြင့် အလုပ်သမားများ၏ လစာနှင့် နစ်နာကြေးကို ဇူလိုင် ၅ရက်မှ ၁၀ရက်အတွင်း ဖြေရှင်းပေးမည်ဟု မစ္စတာဂျောင်က ကတိပေးခဲ့သည်ဟု အလုပ်သမား များက ပြောကြသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံ တာဝန်ခံ ဒေါ်ခင်ထွေးကို မဇ္ဈိမက ဇူလိုင်လ ၁ရက်က အကြိမ်ကြိမ် ဖုန်းခေါ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

စက်ရုံပိတ်သိမ်းလိုက်ခြင်းကြောင့် စက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားပေါင်း ၈၀၀မှာ လက်ရှိတွင် အလုပ်လက်မဲ့ ဘဝသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထိုစက်ရုံမှ အလုပ်သမားများမှာ အခြေခံလစာ ကိုးသောင်းဝန်းကျင် ရရှိသည်ဟု အလုပ်သမားများက ဆိုသည်။

ယင်းစက်ရုံမှ Supervisor မအိအောင်က "ကျွန်မတို့မှာ အလုပ်လက်မဲ့ဖြစ်သွားတယ်။ အလုပ်ရှာမရသေး ဘူး" ဟု မဇ္ဈိမကို ပြောသည်။ Master Sport ဖိနပ်စက်ရုံမှ ၀န်ထမ်း ၈၀၀ ကျော်တို့ကလည်း လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် စက်ရုံအတွင်း ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလဆန်းက ဆန္ဒထုတ်ဖော်ခဲ့သေးသည်။

Master Sport ဖိနပ်စက်ရုံမှာ ၂၀၁၃ခုနှစ် ဇွန်လကမှ ဖွင့်ထားခြင်းဖြစ်ပြီး စက်ရုံသက်တမ်း တစ်နှစ်ခန့်သာ ရှိသေးသည်။

Mizzima - News in Burmese 

No comments:

Post a Comment