Tuesday 1 July 2014

ဆယ်ကျော်သက် သုံးဦးကို ဟားမက်စ်တို့ သတ်ခြင်းကြောင့် လက်စားချေမည် ဟု အစ္စရေး ကြုံးဝါး

ပျောက်ဆုံးလျက်ရှိသော ဆယ်ကျော်သက် သုံးဦး၏ အလောင်းများကို အစ္စရေး နိုင်ငံက တွေ့ရှိခဲ့ပြီး ထိုလူငယ်များအား ဟားမက်စ်တို့က သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးက စွပ်စွဲခဲ့ကာ အစ္စလာမ်မစ် အဖွဲ့အနေဖြင့် ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု အစ္စရေးက ကြုံးဝါးခဲ့ကြောင်း ဇူလိုင် ၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 “အလောင်းသုံးလောင်းကို ဒီညနေမှာ ကျွန်တော်တို့ တွေ့ခဲ့ရပြီးတော့ အဲဒီအလောင်းတွေဟာ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ လူငယ်သုံးယောက်ရဲ့ အလောင်းတွေ ဖြစ်ကြောင်း လက္ခဏာရပ်တွေအားလုံးက ညွှန်ပြနေပါတယ်” ဟု  အစ္စရေး လုံခြုံရေး ဝန်ကြီးအဖွဲ့ အရေးပေါ် အစည်းအဝေး အစတွင် အစ္စရေး ဝန်ကြီးချုပ် နေ
တန်ယာ ဟု က ဝန်ကြီးများအား ပြောခဲ့သည်။

“သူတို့တွေကို လူ့တိရစ္ဆာန်တွေက ပြန်ပေးဆွဲသွားပြီး သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့ကြတာပါ” ဟု အစ္စရေးဝန်ကြီးချုပ်က ဆိုသည်။

“ဟားမက်စ် တွေမှာ တာဝန်ရှိတဲ့အတွက် ပြန်ပေးဆပ်ရပါလိမ့်မယ်” ဟု လည်း ၎င်းက ဆိုသည်။

ထို့နောက်တွင် အစ္စရေးဝန်ကြီးများ နာရီပေါင်းများစွာ ဆွေးနွေးကြပြီးနောက် ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့သော်လည်း တစ်စုံတစ်ရာ လူသိရှင်ကြား ထုတ်ပြန်ခြင်းမျိုး မရှိခဲ့ပေ။ ရေဒီယိုကမူ ဝန်ကြီးများ  ထပ်မံဆွေးနွေးကြလိမ့်မည်ဟု ကြေညာခဲ့သည်။

ဟားမက်စ် အကြီးတန်း အရာရှိ တစ်ဦးကမူ အစ္စရေးက လက်တုံ့ပြန် ရန်ပြုမည်ဆိုပါက “ငရဲ၏ ဂိတ်တံခါးများ” ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ထို ဆယ်ကျော်သက်များ ပျောက်ဆုံးအပြီး ၁၇ ရက် အကြာတွင် အနောက်ဘက်ကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ကွင်းတစ်ခုတွင် လူငယ်သုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် တရားခံအား အစ္စရေးက အပြင်းအထန် လိုက်လံရှာဖွေ နှိမ်နင်းခဲ့ရာ ပါလက်စတိုင်း ငါးဦး အသတ်ခံခဲ့ရပြီး ၄ဝဝ ကျော်အား အစ္စရေးက ဖမ်းဆီးခဲ့သည်။

ဆယ်ကျော်သက်သုံးဦး အသတ်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ မသင်္ကာဖွယ်ဖြစ်သူနှစ်ဦးအဖြစ် အစ္စရေးက သတ်မှတ်ထားသော ဟက်ဘရွန်း ဟားမက်စ် အမျိုးသား နှစ်ဦးဖြစ်သည့် မာရဝမ်ကောဝတ်စ်မာ နှင့် အာမာအဘူးအိုက်စ်တို့မှာ လွတ်မြောက်နေဆဲ ဖြစ်သော်လည်း အင်္ဂါနေ့ (ဇူလိုင်လ ၁ရက်)အစောပိုင်းက ၎င်းတို့၏ နေအိမ်များကို အစ္စရေး တပ်ဖွဲ့များက ဝင်ရောက်စီးနင်း မွှေနှောက်သွားခဲ့ကြောင်း ပါလက်စတိုင်း မျက်မြင်သက်သေများက ဆိုခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment