Tuesday 1 July 2014

ဦးဆန်းဆင့်အမှု ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒဖော်ထုတ်မည်

နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစား ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြစ်မှုကင်းလွတ်ခွင့် ပြုရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပြည်သူ့ဟစ်တိုင်တွင် ဇူလိုင်လ ၁ ရက် (ယနေ့) နံနက်တွင် ပြည်သူများက ဆန္ဒဖော်ထုတ်ကြမည် ဖြစ်ကြောင်း ဦးဆောင်သူများက ပြောကြားသည်။ပြည်ထောင်စု ဝန်ကြီးဟောင်း သရေစည်သူ ဦးဆန်းဆင့်ကို ပြစ်မှုကင်းလွတ်ခွင့်ပြုရေး၊ အမှန်တကယ် ပြစ်မှုကျူးလွန်သည် ဆိုပါက ပြည်သူများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ကြေညာပေးရေး၊ အမှန်တကယ် လာဘ်ပေး၊ လာဘ်ယူသူများကို အရေးယူပေးရေး၊ လူ့အခွင့်အရေး အပိုဒ် (၇) အရ ဥပဒေရှေ့မှောက်တွင် ခွဲခြားဆက်ဆံမှု မခံရစေရေးတို့အတွက် ဆန္ဒဖော်ထုတ်သွားခြင်း ဖြစ်ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သည့် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့ဝင် ဦးထွန်းထွန်းဦးက ပြောကြားသည်။

“ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်၊ နောက်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးကို ကြီးလေးတဲ့ ပုဒ်မတွေတပ်ပြီး ကြက်ကလေး ငှက်ကလေး ဖမ်းသလိုမျိုး လုပ်တဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဆန့်ကျင်နေတယ်” ဟု ၎င်းက ပြောဆိုသည်။
ပုသိမ်မြို့တွင် ရှိသည့် ပြည်သူ့ဟစ်တိုင်တွင် ယင်းဆန္ဒထုတ်ဖော်ပွဲ ကျင်းပမည် ဖြစ်သောကြောင့် မှတ်တမ်းတစ်ခု အဖြစ် ကျန်ရစ်မည် ဖြစ်ကြောင်း ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်သူက ပြောကြားသည်။“ဦးဆန်းဆင့်က တိုင်းဒေသကြီးအတွက် လူကောင်းပါဗျာ၊ ဒီလိုသာ ဖမ်းရမယ်၊ အရေးယူရမယ် ဆိုရင် အစိုးရအဖွဲ့ ရာထူးယူထားတဲ့သူ အများစုကိုလည်း အရေးယူသင့်တယ်လို့ ထင်တယ်” ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ရန် ရောက်ရှိနေသည့် ငပုတောမြို့နယ် ငရုတ်ကောင်းကျေးရွာ အုပ်စုမှ ဦးအောင်မန်းက ပြောဆိုသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဇွန်လ ၃၀ ရက်နေ့တွင် ခွင့်ပြုမိန့် အမှတ်စဉ်-၆/၂၀၁၄ ဖြင့် ခွင့်ပြုထားပြီး ဖြစ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပုသိမ်မြို့ ကန်သာယာရှိ ပြည်သူ့ဟစ်တိုင်ကွင်းမှ မင်းရပ်တန်းလမ်း၊ အိုးဘိုတန်းလမ်း၊ ယိုးဒယားကုန်းလမ်း၊ ထောင်ကုန်းလမ်း၊ ရွှေစေတီလမ်း (စီးပွားရေးဘဏ်ရှေ့) မှ ကမ်းနားလမ်းမြို့တော် ခန်းမရှေ့သို့ လှည့်လည် ဆန္ဒဖော်ထုတ်ခွင့် ပြုထားကြောင်း ပုသိမ်မြို့နယ် ရဲစခန်းတာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲသို့ ပုသိမ်မြို့ခံများအပြင် ကန်ကြီးထောင့်၊ အသုတ်၊ ရေကြည်၊ ငသိုင်းချောင်းမြို့နယ်ခွဲ၊ လပွတ္တာ၊ ငပုတော၊ ငွေဆောင်မြို့နယ်ခွဲ၊ ချောင်းသာကမ်းခြေတို့မှ ပြည်သူများ ပါဝင်ကြမည် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူများထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment