Tuesday 1 July 2014

စွဲဆိုခံထားရသည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပါပုဒ်မကို မကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် ယူနတီသတင်းဂျာနယ် CEO နှင့် သတင်းထောက်များ၏ရှေ့နေနှစ်ဦးစလုံးက လျှောက်ထား

ဇွန် ၃၀ ရက် ရုံးချိန်းတွင် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် သတင်းထောက်လေးဦး တို့ အား ပခုက္ကူခရိုင်တရားရုံး၌ တွေ့ရစဉ် 
ပေါက်မြို့နယ်အတွင်းရှိ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံသတင်းနှင့်ပတ်သက်၍ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁)(က)/၉ ဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီသတင်းဂျာနယ်မှ စီအီးအို ဦးတင်ဆန်းနှင့် သတင်းထောက်လေးဦးတို့အတွက် အပြီးသတ်လျှောက်လဲခြင်းအား ဇွန် ၃၀ ရက်က ပခုက္ကူ ခရိုင်တရားရုံးတွင်ပြုလုပ်ခဲ့ပြီး စွဲဆိုထားသည့်ပုဒ်မကို စွပ်စွဲခံရသူများအနေနှင့် ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ၎င်းတို့၏အကျိုးဆောင်ရှေ့နေများက ရုံးတော်သို့ လျှောက်ထားခဲ့သည်။


"ယခုတရားစွဲသည့် အထူးဥပဒေပုဒ်မ ၃(၁)(က) အရဆိုရင် မည်သူမဆို နိုင်ငံတော်လုံခြုံရေး (သို့မဟုတ်) အကျိုးစီးပွားကို အန္တရာယ်ကျရောက်အောင် ပြုလုပ်မှုရှိနေရမည်ဖြစ်ကြောင်း Prejudical to the safety or interests of the State ဟု အတိအလင်း ဥပဒေစာသားတွင်ပါရှိသဖြင့် ထိုအချက်ကို တရားလိုများဘက်မှ သက်သေမထူနိုင်သည့်တိုင်အောင် တရားခံများဘက်မှ တရားခံပြသက်သေ ဦးရန်ကျော်စစ်ဆေးစဉ်က သက်သေခံသွင်းခဲ့သည့် သက်သေခံ (၁)(၂)(၃) တို့ပါ ဖော်ပြချက်များအရ အခြင်းဖြစ် UNITY ဆောင်း ပါးကြောင့် မြန်မာနိုင်ငံတော်တွင်ထိခိုက်ပါသည်ဟု အနည်းငယ်မှ ပြဿ နာမရှိခဲ့သည့်အပြင် မြန်မာနိုင်ငံသည် ရန်သူနိုင်ငံလည်းမရှိ၊ ရန်ဘက်နိုင်ငံလည်းမရှိ၊ အိမ်နီးနားချင်း ဘင်းစတက်အပါအ၀င် အာဆီယံနိုင်ငံ အားလုံးနှင့် ချစ်ကြည်မှုအပြည့်ရှိခဲ့သည့်အခြင်းဖြစ် ယူနတီဆောင်းပါးနောက်တွင်မှ ရေးသားဖော်ပြခဲ့သော နေ့စဉ်ထုတ် အစိုးရသတင်းစာပါဖြစ်ရပ်များကို ဖော်ပြခြင်းဖြင့် ယခုစွဲဆိုသည့် အထူးဥပဒေပုဒ်မ ၃(၁)(က)ဖြင့် အပြစ်ပေးရန်သင့်လျော်မည်မဟုတ်ပါ။ ထို့အပြင် ပုဒ်မ ၃(၁)(က) ပါ Prohibited place ဆိုသည့်နေရာ သို့ ၀င်သည်ဟု ဖော်ပြရန်မှာ သမ္မတကထုတ်ပြန်သည့် အမိန့်ကြော်ငြာချက်စသည် မရှိကြောင်း၊ ပုဒ်မ ၂(၈)(ဂ)(ဃ) ပြဋ္ဌာန်းချက်များနှင့် မငြိစွန်းသည့်အပြင် ပုဒ်မ၂(၈)(က)ပါ working ဖြစ်မနေသည့် work of defence ပုံမှန်လည်ပတ်နေခြင်းမရှိသေးသည့် ကာကွယ်ရေးနယ်မြေဖြစ်ရန် ကျေးရွာမြေများသိမ်းထားပြီး ဆောက်လုပ်နေဆဲမျှသာဖြစ်သည့် site နေရာတွင် မဖျက်သိမ်းရသေးသည့် ရွာလေးရွာနေရာ၌ တပ်မြေအဖြစ် တိုးချဲ့တားဆီးပြီး စည်းကမ်းသတ်မှတ်ထားသည့် ကပစ ၂၄ စက်ရုံဆောက်လုပ်နေဆဲ နယ်မြေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး အုတ်ခဲတင်ကားဖြင့် အုတ်ခဲချ သည့်နေရာသို့ အ၀င်အထွက်ပြုပြီး ပြန်ထွက်လာသူ ၊ အခွင့်မရှိဘဲဝင်ရောက်ခဲ့မိသူ သတင်းထောက်များ အပေါ် ထိုပုဒ်မ ပုဒ်မ ၃(၁)(က) ပြဋ္ဌာန်းဥပဒေစာကြောင်းရေ ၁၄ offence is commited in relation to … ဟု ပြဋ္ဌာန်းချက်အရ commitment ကျူးလွန်မှုရှိပါမှ ဥပဒေအရအပြစ်ပေးပိုင်ခွင့် ရှိပါသည်။

ဥပဒေပညာရှင်တိုင်းလက်ခံသည့် ပြစ်မှုဥပဒေ criminal offance တို့၏ဖြစ်စဉ် အဆင့်လေးဆင့်တွင် (က) intention စိတ်ကူးစိတ်သန်း ရည်ရွယ်ချက် (ခ) preparation ကြိုတင်ပြင်ဆင်ပြုလုပ်ခြင်း (ဂ) attenpt ကြိုးပမ်းအားထုတ်ခြင်းနှင့် နောက်ဆုံးအဆင့် (ဃ) commitment ပြစ်မှုကျူးလွန်မှုဟူ၍ မြန်မာဥပဒေ ပညာရှင်ကြီးများနှင့် ကမ္ဘာ့ဥပဒေပညာရှင်ကြီးများအားလုံးက လက်ခံညွှန်ပြဆုံးမထားခဲ့သည့်အတိုင်းဆိုလျှင် ယခုကဲ့သို့ ကပစ ၂၄ စက်ပစ္စည်းစက်ရုံ ဆောက်လုပ်နေဆဲနယ်မြေသို့ အုတ်ခဲကားဖြင့် ဆောက်လုပ်ရေး လုပ်သားများနှင့် ၀င်/ ထွက်ခြင်း တစ်ကြိမ်ပြုခဲ့သည့်ကိစ္စသည် ထိုပုဒ်မ ပုဒ်မ ၃ (၁)(က) ပြစ်မှုကို preparation ကြိုတင်ပြင်ဆင်ပြုလုပ်စပ်စုခြင်း အဆင့်ထက်မပိုနိုင်၍ ထိုဥပဒေပုဒ်မ ၃(၁)(က) ကို ပြစ်မှု ကျူးလွန်ခဲ့ပြီးဖြစ်သည်ဟု ကောက်ယူဆုံးဖြတ်အပြစ်ပေး၍ ရနိုင်မည်မဟုတ်ပါ" ဟု ယူနတီဂျာနယ် CEO ဦးတင်ဆန်း ၏ အကျိုးဆောင်ရှေ့နေကြီး ဦးကျော်လင်းက ရုံးတော်သို့လျှောက်ထားသည်။

တည်ဆောက်ဆဲစက်ရုံသာဖြစ်ပြီး ဘာလက်နက်မှ ထုတ်လုပ်ရခြင်းမရှိသေးတာကိုလည်း တရားလိုရော လိုပြသက်သေတွေရော၊ တရားခံရော တရားခံပြတွေရောကပါ ထွက်ဆိုထားပါတယ်။ ဒီနေရာကို နိုင်ငံတော်သမ္မတက တားမြစ်နေရာအဖြစ် ထုတ်ပြန်ထားခြင်းမရှိဘူး ဦးကျော်လင်း၏လျှောက်လဲချက်တွင် မူလကျေးရွာ များနေရာတွင် နေရာအသစ် တပ်နယ်မြေအဖြစ် စည်းကမ်းချက်ထား တားမြစ်ကန့်သတ် သည့်နေရာကို တရားလိုပြသက်သေနှင့် တရားခံပြသက်သေများ ထွက်ဆိုချက်အရ အခွင့်မရှိဘဲဝင်မိသည့် သတင်းထောက်များအပေါ်အပြစ်ရှိလျှင် ဥပဒေပြဋ္ဌာန်းချက်ရှိပြီးဖြစ်သည့် ၁၉၂၄ ခုနှစ် အိန္ဒိယအက်ဥပဒေ အမှတ် (II) The Cantonments Act (Burmacode vol (vi)) ပါ ကာကွယ်ရေးဌာန၏ တပ်နယ်မြေများ ဆိုင်ရာ အက်ဥပဒေသည် ထိုနယ်မြေများသို့ ဥပဒေဖောက်ဖျက် ကျူးလွန် ၀င်ရောက်ချဉ်းကပ်မှုပြုခဲ့သူ များ အပေါ် ထိုအက်ဥပဒေပုဒ်မ ၂၄၉ "penalty for obstruction" တပ်နယ်မြေဖောက်ဖျက် ကျူးလွန် ချဉ်းကပ် ခဲ့ သူ များအတွက် ပြစ်ဒဏ်ဒဏ်ငွေအဖြစ် တိတိကျကျ ပြဋ္ဌာန်းပါရှိပြီးjဖစ်သဖြင့် စပ်စုအငြိမ်မနေ မိန်းဂိတ်ကို aကျာ်ပြီး အုပ်ကားဖြင့်ဝင်ပြီး အုပ်ကားဖြင့် ပြန်ထွက်ခဲ့သူများအပေါ် တပ်နယ်မြေဖောက်ဖျက်မှု ဥပဒေဖြင့် အရေးယူ၍ရကြောင်း ဥပဒေလည်း ၁၉၂၄ ခုနှစ် (က) တွင် ဥပဒေအဖြစ်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း ရုံးတော် သို့လျှောက်ထားခဲ့သည်။

ယနေ့အပြီးသတ်လျှောက်လဲရာသို့ စွပ်စွဲခံရသူ ကိုလူမော်နိုင်အပါအ၀င် သတင်းaထာက်လေးဦးတို့၏ အကျိုးဆောင် ၀ါရင့်ရှေ့နေကြီးနှစ်ဦးဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးရောဘတ်စန်းအောင်တို့ လာရောက်နိုင် ခဲ့ခြင်း မရှိဘဲ ၎င်းတို့ကိုယ်စား ပခုက္ကူမြို့မှရှေ့နေဦးဝါ၀င်းမောင်က လျှောက်လဲခဲ့သည်။

"၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်၂(၈)အရ ပိတ်ပင်ထားသော တားမြစ်ဆိုသ ည်မှာ (က)(ခ)(ဂ)(ဃ) မှာ ပြဋ္ဌာန်းထားပါတယ်။ (က) မှာ ပြဋ္ဌာန်းထားချက်အရ စစ်မက်ဖြစ်ပွားတဲ့အချိန်မှာ အလုပ်ရုံ၊ သဘောင်္ကျင်းနေရာမျိုး၊ ရေတပ်၊ လေတပ်၊ လက်နက်တိုက်လိုနေရာမျိုးတွေဟာဆိုရင် နိုင်ငံတော်သမ္မတကနေပြီးတော့ တားမြစ်နေရာအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားရပါတယ်။ တားမြစ်ထားတဲ့အကြောင်းကို မြန်မာဘာသာနဲ့လည်းကောင်း၊ ဒေသသုံးဘာသာစကားနဲ့လည်းကောင်း တွဲကပ်ထားမှသာ ပိတ်ပင်တားမြစ်နေရာအဖြစ် ပုဒ်မ (က)(ခ)(ဂ)(ဃ) မှာ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ အခြင်းဖြစ်အမှုမှာဆိုရင် ကပစ ၂၄ စက်ရုံနေရာဟာ နိုင်ငံတော်သမ္မတက တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ နောက်ပြီး အချင်းဖြစ်နေရာဟာဆိုရင် ပုဒ်မ ၁၄၄ လည်း ထုတ်ပြန်ထားခြင်းမရှိကြောင်း၊ အခြင်းဖြစ်နေရာဟာ ခင်အေးကျေးရွာ၊ မျှားပိုင်းကျေးရွာ အစရှိသည့် ရွာလေး ရွာ ရှိပြီး ဒီရွာမှာနေထိုင်တဲ့လူတွေဟာ ကပစ ၂၄ စက်ရုံတည်နေရာဝန်းကျင်မှာပဲ နွားကျောင်းတာတို့ ထင်းခုတ်တာတို့ ဆိပ်ကျောင်း၊ မျှစ်ချိုးတာတို့ကြောင့် တားမြစ်နေရာအဖြစ် သတ်မှတ်ထားခြင်းမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တည်ဆောက်ဆဲစက်ရုံသာဖြစ်ပြီး ဘာလက်နက်မှ ထုတ်လုပ်ရခြင်းမရှိသေးတာ ကိုလည်း တရားလိုရော လိုပြသက်သေတွေရော၊ တရားခံရော တရားခံပြတွေရောကပါ ထွက်ဆိုထား ပါတယ်။ ဒီနေရာကို နိုင်ငံတော်သမ္မတက တားမြစ်နေရာအဖြစ် ထုတ်ပြန်ထားခြင်းမရှိဘူး။ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတားမြစ်ထားတာလည်း မရှိဘူးဆိုတာကိုလည်း တရားလိုရော လိုပြသက်သေတွေရော၊ တရားခံရော တရားခံပြတွေရောကပါထွက်ဆိုထားတာ တွေ့ရပါတယ်။ ရုံးရှေ့ရှိ တရားခံများဟာ သူလျှိုဆိုတဲ့ အထောက်အထားလည်း မတွေ့ရှိရသလိုရေးသားထားတဲ့ သတင်းပတ်သက်ပြီး နိုင်ငံခြားကို ပေးပို့ထားခြင်းမရှိတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီသတင်းကိုရေးသားရာမှာလည်း ဒေသခံတွေ ရဲ့ပြော ကြားချက် အရသာ ရေးသားခြင်းဖြစ်ကြောင်း ဂျာနယ်မှာလည်း ဖော်ပြထားတာကို တွေ့ရမှာဖြစ် ပါတယ်။ ရုံးရှေ့ရှိတရားခံများသည် သတင်းမီဒီယာသမားများဖြစ်တာကြောင့် မစစ်ဆေးခင်က မီဒီယာ ဥပဒေဟာ ပြဋ္ဌာန်းခဲ့ခြင်းမရှိသေးဘဲ စစ်ဆေးနေဆဲအချိန်မှာမှ ပြည်ထောင်စုလွတ်တော်နှင့် နိုင်ငံတော် သမ္မတက ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေမှာဆိုရင် သတင်းမီဒီယာသမားတွေဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လတ်စွာဝေ ဖန်ထောက်ပြ အကြံပြုရေးသားနိုင်ကြောင်း ပြဋ္ဌာန်းထားတဲ့အပြင် နိုင်ငံသားတိုင်းသိရှိခွင့်ရှိသော အချက်အလက် များနဲ့ သဘောထား အမြင်တွေကို ကျင့်ဝတ်စည်းကမ်းနဲ့အညီ စုံစမ်းဖော်ထုတ်ရေးသား ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဥပဒေထဲမှာ အစိုးရရုံးဌာနအဖွဲ့အစည်းများတွင် သတင်းအချက် အလက်ရယူခွင့် နေရာထိုင်ခင်းများတွင် ၀င်ထွက်သွားလာခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် လုံခြုံရေးအဆင့်အတန်း သတ်မှတ်ထားတဲ့အချက်အလက်မှတ်တမ်း၊ ဓာတ်ပုံ၊ စာရင်းဇယားတွေကို ကပစ ၂၄ စက်ရုံ တာဝန်ရှိသူတွေဆီကနေ တောင်းယူပြီးတော့ မီဒီယာမှာ ဖော်ပြခဲ့တာလည်း မရှိပါဘူး။ ဒီဥပဒေပုဒ်မ ၉ (ခ) မှာဆိုရင် သတင်းမီဒီယာသမားများအနေနဲ့ တိကျမှန်ကန်မှုမရှိတဲ့ သတင်းကိုဖော်ပြ မိရင် ပြင်ဆင်ရန်လိုအပ်ပါက ပုံနှိပ်မီဒီယာတွင် ပြင်ဆင်ချက်ကို ထင်ရှားသောစာမျက်နှာ၌လည်းကောင်း အခြားမီဒီယာတွင် အနီးစပ်ဆုံးအချိန်၌လည်းကောင်း ပြင်ဆင်ချက်ကို အမြန်ဆုံးဖော်ပြရမယ်လို့ ပါရှိပါတယ်။ ယခုအမှုမှာဆိုရင် ဒေသခံများရဲ့ပြောကြားချက်ကိုသာ ရေးသားထားခြင်းဖြစ်၍ တိကျမှန်ကန်မှု မရှိတဲ့သတင်းကို ရေးသားထားခြင်းဖြစ်တဲ့အတွက် သတင်းမီဒီယာဥပဒေ ပုဒ်မ၂၅ (က) အရသာ အရေးယူ သင့်ပါတယ်။ ၁၉၂၃ မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲဆိုထားပေမယ့်လည်း ကျူးလွန်ခဲ့ခြင်း မမြောက်ကြောင်း စစ်ဆေးချက်တွေအရ ပေါ်လွန်ထင်ရှားပါတယ်" ဟု သတင်းထောက်လူမော်နိုင် အပါအ၀င် သတင်းထောက်လေးဦးတို့၏ အကျိုးဆောင်ရှေ့နေ ဦးဝါ၀င်းမောင်က ရုံးတော်သို့လျှောက်လဲ ခဲ့သည်။

တရားလိုအကျိုးဆောင် အစိုးရဥပဒေအရာရှိမှ ရုံးတော်သို့လျှောက်လဲရာတွင် စက်ရုံအတွင်း ၀င်ရုံထွက်ရုံဖြင့် အပြစ်မရှိကြောင်း သို့သော်လည်း နိုင်ငံတော်၏ လုံခြုံရေးနှင့်အကျိုးကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါနေရာအား ဖြတ်ကျော်ခြင်း၊ ၀င်ရောက်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်းနှင့် ချဉ်းကပ်ခြင်းပြုလုပ်ပါက ဥပဒေအရ ပြစ်မှုမြောက်ကြောင်း၊ ယူနတီဂျာနယ်၏ သတင်းဖော်ပြမှုတွင် မြန်မာနိုင်ငံတွင် အကြီးဓာတု လက်နက်စက်ရုံဟုဖော်ပြချက်သည် နိုင်ငံတကာနှင့်ဆက်ဆံသည့်အခါ နိုင်ငံတော်၏အကျိုးကို ထိခို က်စေကြောင်း၊ ထို့အပြင် ဆောင်းပါးတွင် ဖော်ပြချက်အချို့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေစဉ် ယခုကဲ့သို့ရေး သားခြင်းသည် သမ္မတနှင့်တပ်မတော်အပေါ် အမြင်လွဲမှားစေနိုင်သော ရေးသားဖော်ပြချက် များဖြစ်ပြီး နိုင်ငံတော်၏အကျိုးကို ထိခိုက်စေကြောင်းရုံးတော်သို့ လျှောက်ထားခဲ့သည်။

"ဒီရေးသားဖော်ပြချက်တွေဟာ နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့အကျိုးကို ထိခိုက်စေတယ်လို့ ဥပဒေအရ အလို အလျှောက် ယူဆရပါတယ်။ ဒီအကြောင်းအရာတွေကို ဆောင်းပါးမရေးခဲ့ဘူးဆိုရင် အပြစ်ရှိတယ်လို့ သုံးသပ်လို့ မရပါဘူး။ ဒီလိုရေးလိုက်ခြင်းအားဖြင့် ဥပဒေပြဋ္ဌာန်းချက်က နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေတယ်ဆိုပြီး အလိုအလျှောက် ပေါ်ပေါက်နေပါတယ်။ ဒါ့ကြောင့် ပုဒ်မ ၃(၁) (က)/၉ နဲ့ ငြိစွန်းသွား ပါတယ်။ အခုစစ်ဆေးပေါ်ပေါက်နေတဲ့ အနေအထားအရဆိုရင် သူတို့သည် နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ အကျိုးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ဝင်ရောက်တယ်။ အနီးအနားမှာရှိနေတယ်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေပါတယ်။ ဦးတင်ဆန်းနဲ့ ကိုလူမော်နိုင်တို့ကလည်း ၀ိုင်းဝန်းပံ့ပိုးကူညီတဲ့အတွက် ပုဒ်မ ၃(၁)(က)/၉ နဲ့ ငြိစွန်းပါတယ်။ ဒါကြောင့် စည်သူစိုး၊ ရာဇာဦးနဲ့ ပိုင်သက်ကျော်တို့က ပုဒ်မ ၃ (၁)(က)နဲ့ ငြိစွန်းနေတဲ့အတွက် ထိုက်သင့်သောပြစ်ဒဏ်ကိုချမှတ်ပါရန် ရုံးတော်သို့လျှောက်ထားပါသည်" ဟု အစိုးရဥပဒေအရာရှိက လျှောက်ထားသည်။

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ(၃) အမှတ်(၄) တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတု လက်နက် စက်ရုံအမည်ရှိ သတင်းဆောင်းပါးဖော်ပြမှုကြောင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲဆို ခံနေရသည့် ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှုအား လာမည့် ဇူလိုင် ၁၀ ရက်တွင် စီရင်ချက်ချမှတ်မည်ဖြစ်ကြောင်း ခရိုင်တရားသူကြီး ဦးမောင်မောင်ဌေးက နှစ်ဖက်ရှေ့နေများ၏ အပြီးသတ်လျှောက်လဲချက်တင်သွင်းအပြီးတွင် ဆုံးဖြတ်ခဲ့သည်။

Eleven Media Group 

No comments:

Post a Comment