Tuesday 1 July 2014

မရမ်းချောင် အနာကြီးရောဂါသည် စခန်းရဲ့ ကူညီစောင့်ရှောက်မှု တွေကို ဒေးလီးမေးလ် သတင်းစာ ဂုဏ်ပြု ရေးသား ဖော်ပြ

ရန်ကုန်တိုင်း ဒေသကြီး၊ လှည်ကူးမြို့နယ်မှာ တည်ရှိတဲ့ မရမ်းချောင် အနာကြီးရောဂါသည် စခန်းရဲ့ ကူညီစောင့်ရှောက်မှုတွေ ကို ဒေးလီးမေးလ် သတင်းစာက ဂုဏ်ပြု ရေးသားဖော်ပြမှု ပြုလုပ်ခဲ့ပါတယ်။ 


အနာကြီးရောဂါ ဝေဒနာ ခံစားနေရသူဟာ  ခြေလက်တွေ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေမျိုးကို ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် နောက်ဆုံးပေါ် ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေကို ခြောက်လကနေ တစ်နှစ်အတွင်း  ဂရု တစ် စိုက်  သောက်သုံးမယ် ဆိုရင်တော့ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ ဒေးလီးမေးလ် သတင်းစာက မရမ်းချောင် အနာကြီးရောဂါသည် စခန်းမှာ ရောဂါ ဝေဒနာ ခံစားနေရသူတွေကို ဂရုတစ်စိုက် ကုသပေးမှုတွေ ပြုလုပ်ပေး နေတယ်လို့ ရေးသား ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါဟာ မရမ်းချောင် အနာကြီးရောဂါသည် စခန်းကို သွားရောက်ခဲ့ပြီး၊ အားပေးနှစ်သိမ့်မှု တွေပြုလုပ်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့ပါတယ်။ အသက်(၇၅) နှစ် ရှိပြီဖြစ်တဲ့ ဂျပန်လူမျိုး ဆာဆာကာဝါဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့အနာကြီးရောဂါ တိုက်ဖျက်ရေး အထူး သံတမန် အဖြစ် ခန့်အပ် ခံရသူလည်း ဖြစ်ပါတယ်။ ဆာဆာကာဝါဟာ အနာကြီးရောဂါသည် တွေကို ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး အားပေးစကား တွေပြော ကြားခဲ့ပါတယ်။ ဆာဆာကာဝါဟာ“ကျွန်တော်တို့ အနေနဲ့ အနာကြီးရောဂါသည် တွေကို ကူညီ စောင့်ရှောက်မှု တွေပြုလုပ်ပေး သွားရမှာ ဖြစ်ပါတယ်။ သူတို့တွေရဲ့ဘ၀ ပြန်လည် စတင်နိုင်ဖို့ ကြိုးစားပေး သွားရမှာဖြစ်ပါတယ်”လို့ ပြောကြား သွားခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဟာ ၂၀၀၃ခုနှစ် ကတည်းက မြန်မာနိုင်ငံ မှာ အနာကြီးရောဂါ ဖြစ်ပွားမှု လျော့ပါးသွား ခဲ့ပြီလို့ အသိအမှတ် ပြုထားပါတယ်။ ဒါပေမဲ့ အနာကြီးရောဂါ ဖြစ်ပွားမှုဟာ တစ်နှစ်ကို အနည်းဆုံး(၃၀၀၀) ခန့်ရှိနေတယ်လို့ ဒေးလီး မေးလ်သတင်း တစ်ရပ်မှာ ဖော်ပြထားပါ တယ်။ မရမ်းချောင် အနာကြီးရောဂါသည် စခန်းကို ၁၉၈၉၊ မတ်လမှာ စတင် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပါတယ်။ လက်ရှိအချိန် အဲဒီဒေသမှာ နေထိုင်သူက (၁၆၀၀)ဦး အထိရှိပါတယ်။ ရောဂါဝေဒနာ ခံစားနေရသူကတော့ (၁၄၀) ဦး အထိရှိပါတယ်။ အနာကြီး ရောဂါဝေဒနာ ခံစားခဲ့ရဖူးသူ တစ်ဦးက “ကျွန်မရဲ့ ရောဂါ ဝေဒနာဟာ သက်သာ ပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးကို စနစ်တကျ သောက်သုံးခဲ့လို့ ဖြစ်ပါတယ်။ အခုဆိုရင်ကျွန်မဟာ နေအိမ်မှာ စက်ချုပ် လုပ်ငန်းတွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်”လို့ ပြောကြား သွားခဲ့ပါတယ်။ အနာကြီးရောဂါ ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ပေါင်းများစွာ ကတည်းက ရှိခဲ့တာဖြစ်ပြီး၊ ရောဂါဝေဒနာရဲ့ အကျိုးဆက်ကြောင့် လူတွေ့ရဲ့ စွန့်ပယ်ခြင်း ကို ခံရလေ့ရှိပါတယ်။ ဒီရောဂါဝေဒနာဟာ ကလေးငယ် တွေကို ပိုမိုကူးစက်မှု ရှိတယ်လို့ သိရပါတယ်။ ဆေးကုသမှု မခံယူထားတဲ့ သူနဲ့ ထိတွေ့မှုရှိပါက ရောဂါဝေဒနာ ကူးစက် နိုင်ကြောင်း သိရှိရပါတယ်။ ခေတ်မီ ဖွံ့ဖြိုးတဲ့ ဗြိတိန်မှာတောင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတော အတွင်း အနာကြီး ရောဂါဝေဒနာ ခံစားနေရသူ (၁၀၀)ကျော် အထိရှိတယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

Messenger News Journal

No comments:

Post a Comment