Tuesday 1 July 2014

အမျိုးသားစာပေဆု ရွေးချယ်ရန် စာအုပ်လေးအုပ် တောင်းခံမှု စာရေးဆရာအချို့ ကန့်ကွက်

အမျိုးသားစာပေဆု ချီးမြှင့်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရန်အတွက် စာရေးဆရာများ ရေးသားသော စာအုပ် လေးအုပ် ပေးရန် သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ စာရေးဆရာအချို့ ကန့်ကွက်မှုများ ရှိနေပြီး ယင်း အချက်နှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ရန် စာရေးဆရာများက အကြံပြု သော်လည်း မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂအနေနှင့် ထုတ်ပြန်ရန်အစီအစဉ်မရှိကြောင်း အဆိုပါ သမဂ္ဂ အဖွဲ့ ဥက္ကဋ္ဌ စာရေးဆရာ ထက်မြက်က ပြောကြားသည်။ 

မန္တလေးမြို့တော် ၁၂ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ဝင်းရတနာ ခန်းမတွင် ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ ဒုတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေး၌ စာရေးဆရာ ထက်မြက်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ အနေနှင့် မှတ်ချက် မပေးလိုသော်လည်း မိမိတစ်ဦးတည်း အနေနှင့်မူ ကန့်ကွက်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ စာအုပ်လေးအုပ် ပေးရသည်နှင့် ပတ်သက်ပြီး ကန့်ကွက်သည်ဟု မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ အတွင်းရေးမှူး စာရေးဆရာမ ရွှေကူမေနှင်းက ပြောကြားသည်။

အဆိုပါကိစ္စသည် ပြိုင်ပွဲဝင်ပုံစံ ဖြစ်သည့်အတွက် စာရေးဆရာများဘက်က ကြည့်ပါက မသင့်လျော်ကြောင်း မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးက ပြောကြားသည်။

၁၉၆၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ မန္တလေးမြို့ စာရေးဆရာများ၊ ကဗျာဆရာများသည် အမျိုးသားစာပေဆု အတွက် စာအုပ်ပေးပို့ ယှဉ်ပြိုင်ခဲ့ဖူးပြီး အမျိုးသားစာပေဆုများလည်း ရရှိခဲ့ကြောင်း ယင်းကာလက ဆုရွေးချယ်ရေး အဖွဲ့ဝင်များသည် ဆရာဇော်ဂျီ အပါအဝင် စာရေးဆရာကြီးများသာ ဖြစ်သဖြင့် ဆုရရှိပါကလည်း ထိုက်တန်ကြောင်း လက်ရှိကာလ စာအုပ်တောင်းဆိုခြင်းကိုမူ ကန့်ကွက်ကြောင်း ၁၉၆၅ ခုနှစ်က လမ်းသစ်ကဗျာ စာအုပ်ဖြင့် ဆုရရှိခဲ့သော အမျိုးသားစာပေဆုရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ပြောကြားသည်။

ယင်းသို့ အမျိုးသားစာပေဆုအတွက် စာအုပ်များ ပေးရမည် ဆိုပါက ပေးပို့မည် မဟုတ်ကြောင်း ရန်ကုန် မြို့တော် မှ စာရေးဆရာ လင်းထင်က ပြောကြားသည်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီက ဆုရွေးချယ်ရာတွင် စာအုပ်ရရှိရေး အစီအမံ ပိုမိုပြည့်စုံ နိုင်ရန်နှင့် စာရေးဆရာများ အခွင့်အရေး မဆုံးရှုံးနိုင်စေရန်အတွက် စာရေးဆရာများ အနေနှင့် ၂၀၁၄ ခုနှစ် အတွင်း မိမိတို့ ရေးသားခဲ့သော ပထမအကြိမ်ထုတ် စာအုပ်များကို ကော်မတီသို့ စာအုပ်လေးအုပ်စီ ပေးပို့ နိုင်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

စာပေထုတ်ဝေ ဖြန့်ချိသူများနှင့် စာဖတ်ပရိသတ် တစ်ဦးချင်းစီကလည်း အမျိုးသားစာပေဆုတွင် ထည့်သွင်း စဉ်းသင့်သည့် စာအုပ်များကိုဖြစ်စေ စာအုပ်စာရင်းကိုဖြစ်စေ ပေးပို့နိုင်ကြောင်း အမျိုးသားစာပေဆု ရွေးချယ် ရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မန္တလေးမြို့တော်တွင် ကျင်းပသော မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ ဒုတိယအကြိမ် နှစ်ပတ်လည် အစည်း အဝေးသို့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့နယ် ၄၈ မြို့နယ်မှ စာရေးဆရာများ တက်ရောက်ကြသည်။

The Voice Weekly 

No comments:

Post a Comment