Tuesday 1 July 2014

နိုင်ငံသား ဖြစ် မဖြစ် စိစစ်မှုများ ရခိုင်ပြည်နယ်၌ စတင်နေသော်လည်း နိုင်ငံသားမဖြစ်သူများအား မည်ကဲ့သို့ အရေးယူမည် ဆိုသည်ကို အစိုးရအနေဖြင့် မဆုံးဖြတ်ရသေး

နိုင်ငံသားဖြစ်မဖြစ် စိစစ်မှုများ ရခိုင်ပြည်နယ်၌ စတင်ဆောင်ရွက်နေသော်လည်း နိုင်ငံသားမဖြစ်သူများကို မည်ကဲ့သို့ အရေးယူမည် ဆိုသည်ကို အစိုးရအနေဖြင့် မဆုံးဖြတ်ရသေးကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ်မရသင့်ဘဲနှင့် ရနေသည့် တိုင်းရင်းသားအမည်ခံ ဘင်္ဂါလီလူမျိုးများစွာ ရှိနေကြောင်း၊ နိုင်ငံသား စိစစ်ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားများ၏ မူလအခွင့်အရေးများ အပြည့်အ၀ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ နိုင်ငံသားမရသင့်သူ များကို လည်း မည်သို့အရေးယူမည်ဆိုသည့် အစီအစဉ်များ ရှိရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံသားမဖြစ်သူများကို မည်ကဲ့သို့ အရေး ယူဆောင်ရွက်မည်ဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိဟု ရခိုင်အမျိုးသားပါတီ ဒုတိယခေါ င်းဆောင် ဒေါက်တာအေးမောင်က ပြောကြားသည်။

“ဥပဒေတစ်ခုကို အကောင်အထည် ဖော်မယ်ဆိုရင် ဒီဥပဒေ၏ အထောက်အထားများသည် ဥပဒေ အရပေးထားခြင်း ဟုတ်မဟုတ်ကို ပြန်စိစစ်ရမယ်။ စစ်တဲ့အခါမှာ ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း ကျောသား ရင်သားမခွဲခြားဘဲ အရေးယူရမယ်။ ပြီးရင် အဆင့်ဆင့်စိစစ်မယ်။ တကယ်ရသင့်တဲ့သူကို ရအောင်လုပ်ရင် ရပြီးသားလူကို နိုင်ငံသား မူလအခွင့်အရေးကို အပြည့်အ၀ပေးရမယ်။ မရသင့်တဲ့သူကို ဘယ်လိုဆောင်ရွက် မယ်ဆိုတာ တစ်ပြိုင်နက်တည်းသူ့မှာ အစီအစဉ် ရှိရမယ်” ဟု ဒေါက်တာအေးမောင်က ပြော ကြားသည်။

ဘင်္ဂါလီအပါအ၀င် နိုင်ငံသားမဖြစ်သင့်သည့် နိုင်ငံခြားသားများ မြန်မာနိုင်ငံသားဖြစ် ခွင့်ရရှိနေခြင်းသည် နိုင်ငံ အတွက်များစွာ နစ်နာကြောင်း၊ နိုင်ငံသားစိစစ်ရာတွင် နိုင်ငံသားမဖြစ်သူများအား မည်ကဲ့သို့ဆောင် ရွက်မည် ဆိုသည်ကို လက်ရှိတွင် ယတိပြတ်ပြောပြရန် စဉ်းစားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားစိစစ်ခြင်း ကိုလည်း အချိန်ယူဆောင်ရွက် ရမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက အဆိုတင်သွင်းထားခြင်းခံရသူ ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။

“ရခိုင်တိုင်းရင်းသားများရဲ့ဆန္ဒကတော့ နံပါတ်တစ်ကတော့ ၈၂ အက်အရ စိစစ်ပါ။ နံပါတ်နှစ်က အတူမနေ လိုပါ။ နံပါတ်သုံးကတော့ စိစစ်တဲ့မဟုတ်တဲ့သူတွေကို တတိယနိုင်ငံ သို့မဟုတ် ခြံစည်းရိုးခတ်ပြီးထားဖို့ ဆိုတဲ့ ပုံစံမျိုးတော့ပြောတာပေါ့။ အဲဒီတော့ ဒါတွေက ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ အဆင့်တစ်နဲ့နှစ် ကတော့ ကိုယ်တို့လက်တွေ့ကျကျ ဆောင်ရွက်လို့ရပြီ။ နံပါတ်သုံးဖြစ်တဲ့ ဘာလုပ်မယ်မဟုတ်တဲ့ သူတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အနေအထားကတော့ လက်ရှိမှာ ယတိပြတ်ကြီးပြောဖို့က ကိုယ်တို့မှာ အစီအမံက စဉ်းစားရဦးမယ်။ ဒါပေမဲ့ တစ်ခုခုတော့ လုပ်ရမယ်။ အဲဒီတော့သူများတွေလိုပဲ ခြံစည်းရိုးနဲ့ထားမလား။ ဒါမှမဟုတ် တတိယနိုင်ငံကို ပို့မလား။ ဘယ်လိုစီမံမယ်ဆိုတာ ကိုတော့ နိုင်ငံတကာရဲ့ စံနှုန်းတွေနဲ့အညီ သွားရမှာပေါ့” ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment