Wednesday 6 January 2016

ဘဏ်အတွင်း မီးရှို့ကာ ငွေလုရန် ကြိုးပမ်းမှုဖြစ်ပွား

အခင်းဖြစ်ပွားသည့် ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ်(ဓာတ်ပုံ−ထူးတင့်ဝင်းဖေ့စ်ဘွတ်ခ်)
ပခုက္ကူမြို့ ကမ္ဘောဇ ဘဏ် ရေအိမ်အတွင်းမီးရှို့ကာ ဘဏ်ကောင်တာရှိ ငွေများလုယူ ရန် ကြိုးပမ်းသူကို ပခုက္ကူမြို့မရဲ တပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၅ ရက် နေ့လယ် ၁ နာရီခွဲတွင် အသက် (၂၈) နှစ်အရွယ် မျိုးဆက်ဆိုသူသည် ပခုက္ကူမြို့ဈေးအနီးရှိ ကမ္ဘောဇဘဏ်ရေအိမ်အတွင်းဝင်ရောက်၍ အသင့်ယူဆောင်လာသော ဓာတ်ဆီဖြင့် မီးရှို့ကာ မီးလန့်အောင်ပြုလုပ်၍ ကောင်တာရှိ ငွေများလုယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ယူလာတဲ့ ဓာတ်ဆီနဲ့ အိမ် သာထဲမှာ မီးရှို့တာ။ ကောင်တာက ငွေကိုလုယူတာပေါ့။ ချက်ချင်း ပဲ ဖမ်းဆီးခဲ့ပါတယ်။ အမှုက တော့ မဖွင့်ရသေးဘူး။ မေးမြန်း စစ်ဆေးနေဆဲပါ’’ဟု အဆိုပါရဲ အရာရှိက ပြောသည်။

ငွေလုရန်ကြိုးပမ်းသူမှာ ဘဏ်ရေအိမ်အတွင်း မီးရှို့ပြီးနောက် ဘဏ်အရှေ့ပိုင်းသို့ ထွက်လာပြီး မီးလောင်နေကြောင်း အော်ဟစ်ပြောဆိုခဲ့သည်။ ထို့နောက် လူအများထိတ်လန့်တကြားဖြစ်နေစဉ်ဘဏ်အတွင်း ငွေများလုယက်ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် လုံခြုံရေးများက ချက်ချင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ဆီဖြင့် မီးရှို့မှုကြောင့် ရေအိမ်အတွင်းရှိ ကြွေခွက်အနည်းငယ်မီးလောင်သွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု ကြီးကြီးမားမားမဖြစ်ခဲ့ ကြောင်း သတင်းရရှိသည်။

ဘဏ်အတွင်းရှိ ရေအိမ်အား မီးရှို့၍ ငွေလုယူခံရခြင်းနှင့် ပတ်သက်ပြီး ပခုက္ကူမြို့ ကမ္ဘောဇဘဏ်တာဝန်ခံဖြစ်သူ ဒေါ်နီလာကိုထံ သို့ဆက်သွယ်မေးမြန်းရာပျက်စီးမှုမရှိခဲ့ကြောင်း ပြောသည်။

လုယက်ရန် ကြိုးပမ်းသူ မျိုးဆက်ဆိုသူကို မြို့မရဲစခန်းက ဆက်လက်စစ်ဆေးလျက်ရှိသည်။

7Day Daily

No comments:

Post a Comment