Friday 10 July 2015

KKO ရဲ့ ပုံရိပ်ကို စောဆန်းအောင် နည်းမျိုးစုံသုံးဖျက်ဆီးနေပြီ

DKBA ဆိုတာကတော့ KNU အဖွဲ့ကနေခွဲထွက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ နောက်ပိုင်း မှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စနဲ့ပတ်သက်ပြီး သူတို့အဖွဲ့ထဲမှာသဘောထားကွဲလွဲမှု ဖြစ်ခဲ့ပါတယ်။ အချို့ က နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့သဘောတူတယ်။ တချို့ကလက်မခံဘဲ ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) စောလားဘွယ် က ခေါင်းဆောင်ပြီး KKO အမည်နဲ့ တောပြန်ခိုသွားခဲ့တာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရ တက်လာချိန် မှာတော့ KKO အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ KKO ဟာ အစိုးရနဲ့ အလွတ်သဘောတစ်ကြိမ်၊ ပြည်နယ်အဆင့်တစ်ကြိမ်၊ ပြည်ထောင်စုအဆင့် ၂ ကြိမ်၊ စုစုပေါင်း ၄ ကြိမ် ဆွေးနွေး ပြီးနောက် မြ၀တီမြို့မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိပါတယ်။

ဒါဟာ ပြည်တွင်းငြိမ်းချမ်းရေးခရီးမှာ ကောင်းမွန်တဲ့ရလဒ်ဖြစ်သလို ဒေသခံပြည်သူတွေရဲ့လူမှုရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍတွေဟာလည်း ပြောင်းလဲတိုးတက်လာခဲ့တာ အမှန်ပါပဲ။ KKO ခေါင်းဆောင် စောလားဘွယ်ကို ငြိမ်းချမ်းရေးလိုလားသူအဖြစ် အသိအမှတ်ပြုရမှာဖြစ်သလို အဲဒီအဖွဲ့ဝင်တွေဟာလည်း ငြိမ်းချမ်းခြင်းရဲ့အရသာ ကို သိနေကြပါပြီ။ ဒါပေမဲ့ KKO အဖွဲ့ကို ဖျက်ဆီးနေတဲ့ စုန်းပြူးတွေရှိနေတာကြောင့် အဖွဲ့အစည်းရဲ့ အမည် ဟာတဖြည်းဖြည်း ကျရိပ်ပြလာတယ်ဆိုရင် မမှားပါဘူး။ အဲဒီစုန်းပြူးတွေထဲမှာ စောဆန်းအောင်ဆိုတဲ့ လူမိုက် တစ်ယောက်လည်း အပါအ၀င်ဖြစ်နေပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုတဲ့ စကားပုံအတိုင်း KKO ကြုံနေရတာပါ။ စောဆန်းအောင်ဆိုတဲ့ အဖျက်သမားတစ်ယောက်ကြောင့် KKO အဖွဲ့တစ်ခုလုံး နာမည်ပျက်ရမှာတော့ မဖြစ်သင့်ဘူးလို့မြင်ပါတယ်။ 

တကယ်တော့စောလားဘွယ်က စောဆန်းအောင်ရဲ့လုပ်ရပ်တွေကို မကြိုက်လို့အဖွဲ့ကနေထုတ်ပယ်ခဲ့တာဖြစ်ပါ တယ်။ စောဆန်းအောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ ကျိုက်မရောနယ်က အစိုးရတပ်စခန်းတွေကို ရန်စတိုက်ခိုက်တဲ့အတွက်ကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့မှုနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ စောလားဘွယ်က တောင်းခဲ့ပါတယ်။ ဒါကိုမလေးမစားနဲ့ လုပ်ချင်ရာလုပ်နေတဲ့ စောဆန်းအောင်က ဖြေရှင်းချက်ပေးဖို့ပျက်ကွက်ခဲ့ တာကြောင့် KKO အဖွဲ့ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ KKO စစ်ဦးစီးချုပ်စောလားဘွယ်ဟာ လည်ချောင်း ကင်ဆာဖြစ်နေတဲ့အတွက်ဒုတိယခေါင်းဆောင် စောမိုရှေးကိုတာဝန်လွှဲပေးခဲ့တယ်လို့သိရပါတယ်။ အဲဒါကိုအခွင့် ကောင်းယူပြီး ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်မှာစိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စောဆန်းအောင်ကို KKO က ပြန်လည်လက်ခံလိုက်ကြောင်း စောကျော်သက်က မတ်လ ၇ ရက်နေ့မှာ ကြေညာချက်ထုတ်ခဲ့ပါ တယ်။ KKO မှာ စောဆန်းအောင်ကို ပြန်လက်ခံတာဟာ ကိုယ့်သေတွင်းကိုယ်တူး လိုက်သလို ဖြစ်မနေဘူး လားလို့ မေးစရာဖြစ်နေပါပြီ။

ဘာဖြစ်လို့လဲဆိုတော့ စောဆန်းအောင်ဟာကိုယ့်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှမထိန်းသိမ်းဘဲသူလုပ်ချင် ရာ လုပ်နေတဲ့အူကြောင်ကြောင် လူ့နလပိန်းတုံးတစ်ယောက်သာ ဖြစ်ပါတယ်။ သူ့သမိုင်းကြောင်းဟာလည်း မကောင်းလေတော့ KKO အဖွဲ့ပဲနာမည်ပျက်ရတာပေါ့။ ဟိုးအရင်ကတည်းက စောဆန်းအောင်ဆိုတာ နွား ကျောင်းသား၊ လေးတန်းအောင်၊ လူပေလူတေအော့ကြောလန်မှန်း မြ၀တီတစ်မြို့လုံးသိပါတယ်။ KKO ကနေ KKO ခွဲထွက်တော့မှ အခွင့်အရေးလိုချင်လို့ဝင်လာတဲ့ အချောင်သမားဖြစ်ပါတယ်။ ဆက်ကြေးကောက်၊ ကားမှောင်ခို၊ နွားမှောင်ခို၊ လူမှောင်ခို၊ သစ်မျှော၊ လှေတိုက်၊ မူးယစ်ဆေးဝါးမှောင်ခို၊ မဟုတ်တဲ့ အလုပ်အကုန် လုပ်နေတဲ့သူပါ။ KKO ရဲ့ ပုံရိပ်ကိုပိုပြီးကျစေတာကတော့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ယာဉ်တန်းကို စောဆန်းအောင် တားတဲ့ကိစ္စဖြစ်ပါတယ်။

စောလားဘွယ်ကအစိုးရနဲ့ ပလဲနံပသင့်အောင် လိုက်လျောညီထွေ နေထိုင်ဆက်ဆံနေတဲ့အချိန်မှာ တပည့် လုပ်သူ စောဆန်းအောင်က လက်နဲ့ရေးတာကိုခြေနဲ့ လိုက်ဖျက်နေသလို ဖြစ်နေပါတယ်။ ကိုယ့်ပြည်နယ် ၀န်ကြီးချုပ်ကိုတောင် လေးစားရကောင်းမှန်းမသိတဲ့ စောဆန်းအောင်ရဲ့လုပ်ရပ်ကို ခွင့်လွှတ်ပေးခဲ့တာကတော့ KKO လက်ရှိခေါင်းဆောင်တွေရဲ့ အားနည်းချက်လို့ ဆိုရမလား။ ဒါမှမဟုတ် စောဆန်းအောင်ကို မထိန်းနိုင် လို့ လွှတ်ထားတာလားဆိုပြီး တွေးစရာဖြစ်နေပါတယ်။ တကယ်လို့စောလားဘွယ်ကဆေးရုံမတက်ဘဲ KKO အဖွဲ့မှာရှိနေရင် စောဆန်းအောင်ရဲ့လုပ်ရပ်ကို ခွင့်လွှတ်မှာမဟုတ်ဘူးလို့ဘဲ မြင်ပါတယ်။ ၀န်ကြီးချုပ်ခရီးစဉ်ကို နှောက်ယှက်တဲ့ ဖြစ်စဉ်မတိုင်ခင် စောဆန်းအောင်ဟာ ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုတွေကိုလည်း ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ပါတယ်။ 

လတ်တလောဖြစ်နေတဲ့ အာရှလမ်းမသစ်က တိုက်ပွဲတွေဟာ စောဆန်းအောင်ရဲ့ လက်ချက်ပဲဖြစ်ပါတယ်။ တိုင်းမှူး လာမှာဖြစ်တဲ့အတွက် အစိုးရတပ်က လမ်းလုံခြုံရေး ယူပေးရမှာဖြစ်ပါတယ်။ ဒါကို စောဆန်းအောင်က တာဝန်ဝတ္တရားတွေကိုစည်းမစောင့်ဘဲ အစိုးရတပ်တွေကို စတင်ပစ်ခတ်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရတာပါ။ အခု ဆိုရင် ကော့ကရိတ်မြို့နယ်ထဲက စာသင်ကျောင်းတစ်ကျောင်းကို စောဆန်းအောင်အဖွဲ့ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးတွေစာမသင်ရဘဲ ကျောင်းပိတ်ထားရတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန် စောဆန်းအောင်ကြောင့် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတာကတော့ လူကြားလို့မကောင်းပါဘူး။ KKO ခေါင်းဆောင်တွေ ဘာလုပ်နေပါလိမ့်။ စောဆန်းအောင်ကိုမတားနိုင်ကြတော့ဘူးလား။

မနေ့က ဘားအံမှာအစိုးရတပ်က တာဝန်ရှိသူတွေနဲ့ KKO တာဝန်ရှိသူတွေ တွေ့ဆုံမယ်လို့ သတင်းထွက်ခဲ့ပေ မယ့် အထမမြောက်ခဲ့ဘူးလို့သိရပါတယ်။ တိုက်ပွဲတွေအဆုံးသတ်ဖို့ ပြင်ဆင်ညှိနှိုင်းနေပေမယ့်စောဆန်းအောင် လို လူရမ်းကားကတော့ အချိုးတွေမပြောင်းသေးတာကိုတွေ့ရပါတယ်။ KKO နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းဆီက ကြားရတာတော့ စောဆန်းအောင်ကို ပြောစကားနားမထောင်လို့ အဖွဲ့ကနေ ထုတ်ပယ်လိုက်ပြီဆိုတဲ့သတင်းပါ။ ထုတ်လိုက်၊ ပြန်ခေါ်လိုက်ဇာတ်လမ်းက ရိုးနေပါပြီ။ KKO အနေနဲ့ စောဆန်းအောင်ကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူမှသာ အစိုးရနဲ့တည်ဆောက်ထားတဲ့ငြိမ်းချမ်းရေး တည်မြဲမှာဖြစ်ပါတယ်။ စောဆန်းအောင် ဖန်တီးနေတဲ့တိုက်ပွဲတွေဟာ အစိုးရနဲ့ KKO ကြား ပိုမိုတင်းမာလာရင် ရလဒ်ကကောင်းဖို့မရှိပါဘူး။ KKO ရဲ့ပုံရိပ်ကို စောဆန်းအောင်ကြောင့် ထပ်ပြီးအကျခံမလား၊ ဒါမှမဟုတ် ပြန်ပြီးထိန်းသိမ်းနိုင်မလား ဆိုတာ စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။

စောလယ်ထူး
မြန်မာပြည်သား

No comments:

Post a Comment