Friday 10 July 2015

ကောလာဟလများ မယုံကြည်ရန် ယူနိုက်တက်အမရဘဏ်မှ တာဝန်ရှိသူပြော

ဗဟန်းရွှေဂုံတိုင်ရှိ ယူနိုက်တက်အမရဘဏ်ခွဲကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
ယူနိုက်တက်အမရဘဏ်သည် ပြည်ခိုင်ဖြိုးပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း နှင့် တိုက်ရိုက်ပတ်သက်မှု မရှိသ ဖြင့် ဘဏ်နှင့်ပတ်သက်၍ ထွက် ပေါ်နေသော ကောလာဟလများ ကို မယုံကြည်ကြရန် ယူနိုက်တက် အမရဘဏ် အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေက ပြောသည်။

ယူနိုက်တက်အမရဘဏ် လုပ်ငန်းစဉ်များတွင် ရှယ်ယာ ထည့်ဝင်သူ၊ ဒါရိုက်တာအဖွဲ့ဝင် နှင့် စီမံခန့်ခွဲမှုအဖွဲ့တို့ကို သီးသန့် ခွဲထားပြီး ရှယ်ယာထည့်ဝင်သူ များအနေဖြင့်လည်း စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဆောင်ရွက်မှုများကို မည်သို့မျှ ၀င်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ၎င်းကရှင်းပြသည်။

‘‘ကျွန်တော့်အနေနဲ့ ဒီကော လာဟလတွေကို ဘဏ်က ဖောက်သည်တွေ မယုံပါနဲ့လို့ ပြောချင် ပါတယ်’’ဟု ဦးသန်းဝင်းဆွေက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်း မရှိလျှင် ယူနိုက်တက်အမရဘဏ် ဒေ၀ါလီခံရမည်ဟု စံတော်ချိန် သတင်းစာ ဖေ့စ်ဘွတ်ခ်အကောင့်အတုတစ်ခုတွင် ဇူလိုင် ၉ ရက် နေ့လယ်မှစ၍ ကောလာဟလတစ်ခု ရေးသားဖော်ပြခဲ့သည်။

 လက်ရှိတွင် ဦးအောင် သောင်း၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်နေရပြီး ဘဏ်၌ ငွေအပ်ထားသူများအနေဖြင့် အမြန်ဆုံး ပြန်လည်ထုတ်ယူသင့် ကြောင်း အောင်ဇေယျတုဂျာနယ် မှ မောင်လူမှန် ရေးသားသည်ဟု ကောလာဟလ ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

 ယင်းဖေ့စ်ဘွတ်ခ်မှာ အကောင့်အတုဖြစ်ပြီး စံတော်ချိန်သတင်းစာအမည်ဖြင့် ဖေ့စ်ဘွတ်ခ်အတုများစွာရှိနေကြောင်း စံတော်ချိန်သတင်းစာ ထုတ်ဝေသူ ဦးကိုကိုလေးက ပြောသည်။ ထိုကဲ့သို့ လူသိများသော သတင်းစာများ၏ ဖေ့စ်ဘွတ်ခ်အကောင့်များ အတုပြုလုပ်ပြီး ကောလာဟလများ ဖြန့်ဝေမှုကို ယခုနှစ်ပိုင်းအတွင်း ပိုမိုပြုလုပ်လာသည်ကို တွေ့ရသည်။

‘‘အကောင့်တုတွေက များ တော့ ဖျက်ဖို့မလွယ်ဘူး။ ကျွန် တော်တို့လည်း အရင်တုန်းက တော့ ကြိုးစားပြီးဖျက်ခဲ့တယ်’’ ဟု ဦးကိုကိုလေးက ရှင်းပြသည်။

 စံတော်ချိန်သတင်းစာ၏ ဖေ့စ်ဘွတ်ခ်အကောင့်အစစ် Standard Time Daily News မှာ သတင်းစာတွင် ကြေညာထားပြီး သတင်းစာ၌ပါသော သတင်းများကိုသာ ဖော်ပြကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယူနိုက်တက်အမရဘဏ်နှင့် ပတ်သက်၍ ယခင်နှစ် နိုဝင်ဘာကလည်း ကောလာဟလများ ထွက်ပေါ်ခဲ့၍ ဘဏ်တွင် အခက် အခဲများ ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်ကလည်း ဦးအောင်သောင်းကို အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းမှုနှင့် ဆက်စပ်ကာ ဘဏ်နှင့် ပတ်သက်၍ ကောလာဟလမျိုးစုံ ထွက်ပေါ်ခဲ့သည်။ ထိုစဉ်က ယူနိုက်တက်အမရဘဏ်ကို ဦးအောင်သောင်းပိုင်ဆိုင်သည်ဟု ထင်မြင်သူအချို့က ဘဏ်တွင် ထည့်သွင်းထား သော ငွေများကို အမြန်ပြန်လည် ထုတ်ယူခဲ့ကြသည်။

ဘဏ်တွင် ထိုအချိန်က ငွေ ထုတ်ယူမှုသည် နိုဝင်ဘာ ၄ ရက် တစ်ရက်တည်း၌ ကျပ်ငွေ ၂၆ ဘီလီယံရှိပြီး အပ်ငွေမှာ ၁၆ ဘီလီယံသာရှိကြောင်း၊ နိုဝင်ဘာ ၃ ရက်က အပ်ငွေမှာ ၄၄ ဘီလီယံရှိပြီး ထုတ်ငွေမှာ ၄၁ ဘီလီယံရှိကြောင်း ၎င်းက ရှင်းပြသည်။

သို့သော် ရက်ပိုင်းအတွင်း ပြန်လည်တည်ငြိမ်ပြီး လုပ်ငန်း များ ပုံမှန်လုပ်ကိုင်နိုင်ခဲ့သည်။

 ယူနိုက်တက်အမရဘဏ် သည် ဦးအောင်သောင်း၏သား ဦးနေအောင်က ရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဦးအောင်သောင်းနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးသန်းဝင်းဆွေက ပြောသည်။

7Day DAILY 

No comments:

Post a Comment