Friday 10 July 2015

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ကောင်းမြန်မာအောင် ကုမ္ပဏီက သိမ်းယူထားသည့် တောင်ယာကုန်းများပေါ်တွင် တောင်ငူမြို့ဒေသခံ မူလပိုင်ရှင်များက ခြံစည်းရိုးခတ်ပြီး ပိုင်ဆိုင်မှုပြုလုပ်

ကောင်းမြန်မာအောင် ကုမ္ပဏီက လုပ်ပိုင်ခွင့် ရယူထားသည့် တောင်ငူမြို့ ထုံးဘိုကျေးရွာ တောင်ယာစိုက်ပျိုး မြေများပေါ်တွင် ဒေသခံ ၆၀ ခန့်က ၎င်းတို့၏ပိုင်ဆိုင်သော မြေများအဖြစ် ခြံစည်းရိုးခတ်ကာရံမှုများ ပြုလုပ်နေစဉ်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇူလိုင် ၉ ရက်က CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင်ဆိုင်သည့်  “ကောင်းမြန်မာအောင်” ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရယူထားသည့် တောင်ငူမြို့နယ် ထုံးဘိုကျေးရွာ တောင်ယာစိုက်ပျိုး မြေများပေါ်တွင် ဒေသခံအင်အား ၆၀ ခန့်က ၎င်းတို့၏ ပိုင်ဆိုင်သောမြေများအဖြစ် ခြံစည်းရိုးခတ် ကာရံမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ တောင်ယာစိုက်ခင်းတွေ၊ ဥယျာဉ်ခြံမြေတွေကို Asia World ကုမ္ပဏီနဲ့ CB ဘဏ် ဦးခင်မောင်အေးပိုင်ဆိုင်တဲ့ ကောင်းမြန်မာအောင် ကုမ္ပဏီတွေက သိမ်းယူခဲ့ကြတယ်၊ ကျွန်တော့တောင်ယာ စိုက်ခင်းနဲ့ ဥယျာဉ်ခြံစိုက်ခင်း ဧက၂၀ ကျော်ပါသွားတယ်၊ ဒါပေမဲ့ Asia World ကုမ္ပဏီက သိမ်းယူသွားတဲ့ ၁၀ ဧကကို ကျပ်သိန်း ၃၀ ပေးလျော်တယ်။ ပြီးတော့ ခြံစည်းရိုးကာထားတယ်။ ဒါကို ကျွန်တော်တို့ မပြောလိုဘူး။ အခုကောင်းမြန်မာအောင် ကုမ္ပဏီက သိမ်းယူထားတာ ၁၀ ဧကကျော် ကျန်သေးတယ်။ အဲဒါကို ပြေစာမရှိရင် တစ်ဧက ကျပ်ငါးသောင်းပေးမယ်။ ပြေစာရှိရင် ကျပ်တစ်သိန်းခွဲ ပေးမယ်လို့ပြောတယ်။ ဒါကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ လျော်ကြေးလည်း မလိုချင်တော့ဘူး။ ကျွန်တော်တို့ မြေတွေပဲ ကျွန်တော်တို့ ပြန်လုပ်ချင်တယ်။ ဒီမြေတွေ မရှိတော့ရင် ကျွန်တော်တို့မှာ လုပ်စားစရာ မြေမရှိတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ တောင်ယာစိုက်ခင်းတွေ ဥယျာဉ်ခြံတွေကို ကျွန်တော်တို့ပဲ ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောနဲ့ ခြံစည်းရိုးကာတာပါ။ ဧက ၃၀၀၀ ကျော်အထိ ကာရံမှု ပြုလုပ်သွားမှာပါ” ဟု နဂါးမောက်ကျေးရွာအုပ်စု ထုံးဘိုကျေးရွာမှ တောင်သူဦးကျော်ဝေက ဆိုသည်။

ခြံစည်းရိုးခတ် ကာရန်ခြင်းများ ပြုလုပ်သည့် တောင်ယာကုန်းများသို့ ထုံးဘိုနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ကိုကိုနှင့်အဖွဲ့ လာရောက်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ကောင်းမြန်မာအောင် ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ရရှိထားသည့် မြေပုံညွှန်းနှင့် မြို့နယ်မြေစာရင်း ဦးစီးဌာနမှ ခွင့်ပြုပေးထားသည့် မြေနေရာမှာ ကွဲလွဲမှုများရှိနေပြီး လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများနှင့် ဒေသခံတောင်သူများ အကြားတွင် မြေယာပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူထားခြင်းများလည်း ရှိနေကြောင်း ပြောကြားသည်။

“ဒီမှာကောင်းမြန်မာအောင် ကုမ္ပဏီနဲ့ Asia World ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်ယာမြေတွေအများကြီး၊ အောက်ခြေက လယ်သမားတွေရဲ့ ဒုက္ခတွေကို သူတို့မသိကြဘူး။ တောင်သူတွေ တောင်ယာစပါး စိုက်ထားတာကို သူတို့က ခြံခတ်တယ်။ အဲဒါကိုကျတော့ ဘယ်သူကမှ တရားမစွဲပေးဘူး။ အခု လယ်သမားတွေ ခြံခတ်တော့ တရားစွဲမယ်ဆိုပြီး ဌာနဆိုင်ရာ အားလုံးက ၀ိုင်းပြီးတော့ ကြိုးပမ်းနေကြတယ်။ ဒါဟာ မတရားမှုတွေ ဖြစ်တယ်။ ဒါကြောင့် ဒေသခံတွေ သူ့မြေသူ ပြန်ရပါစေဆိုပြီးတော့ အစ်ကိုတို့ လယ်သမားသမဂ္ဂတွေက လာပြီးတော့ ကူညီဆောင်ရွက်ပေးတာ၊ သူတို့ ဓားမဦးချလုပ်ခဲ့တဲ့မြေ၊ လက်ငုတ်မြေတွေကို ခြံစည်းရိုးခတ်တာပဲ ဖြစ်တယ်။ ဘယ်သူ့မြေကိုမှ တစ်လက်မမှ မကျူးကျော်ပါဘူး”ဟု ဒေသခံများ၏ ပိုင်ဆိုင်မှုအဖြစ် ခြံစည်းရိုးခတ်ကာရံခြင်းအား ဦးဆောင်ကူညီပေးသူ အလုပ်သမားသမဂ္ဂများ လွတ်လပ်ရေး အထွေထွေတာဝန်ခံ လေဘာမြင့်စိုးက ပြောကြားသည်။

ကောင်းမြန်မာအောင် ကုမ္ပဏီသည် နဂါးမောက်ကျေးရွာ၊ ထုံးဘိုကျေးရွာ၊ ဒိုးသောင် ကျေးရွာများရှိ မြေလွတ်မြေလပ် ဧက ၂၄၀၀ အား ကျွန်းစိုက်ခင်းများစိုက်ပျိုးရန် ၂၀၀၉ ခုနှစ်မှစတင်၍ နှစ် ၃၀ စာချုပ်ဖြင့် လုပ်ပိုင်ခွင့် ရရှိထားပြီးနောက် သတ်မှတ်ကာလ ၅ နှစ်အတွင်း ကျွန်းစိုက်ခင်းများ အားလုံးပြီးစီးအောင် စိုက်ပျိုးနိုင်ခြင်း မရှိခဲ့သောကြောင့် ၂၀၁၂ လယ်ယာမြေဥပဒေအရ ဒေသခံတောင်သူများအား ပြန်လည်ပေးအပ်ရန် ၂၀၁၅ ခုနှစ်ဇန်န၀ါရီ ၁၈ ရက်က ဒေသခံ တောင်သူအင်အား ၃၀၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment