Friday 10 July 2015

အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေး အလုပ်ရုံဆွေးနွေး

မြန်မာနိုင်ငံ၏ ပထမဆုံးသော လူသားနှင့်ဇီဝအဝန်းနယ်မြေဖြစ်သည့် အင်းလေးကန်ကို ထိန်း သိမ်းကာကွယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက အင်းလေး (ခေါင်တိုင်) ဟူပင်ဟိုတယ်တွင် ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အင်းလေးကန်ဆယ်ယူ ရေးနှင့် ထိန်းသိမ်းရေး ရေရှည်စီမံချက်၊ အင်းလေး ကန်ထိန်းသိမ်းကာကွယ်ရေး ငါးနှစ်စီမံကိန်း (၂ဝ၁၅-၂ဝ၁၆ မှ ၂ဝ၁၉-၂ဝ၂ဝ အထိ)၊ အင်းလေး ကန်ကို ယူနက်စကို၏ ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ရလဒ်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ အင်းလေးကန် စီမံအုပ်ချုပ်မှု အဖွဲ့၏ လုပ်ငန်းတာဝန်ဝတ္တရားများ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။

အင်းလေးကန်ကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဇွန် ၉ ရက်က ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် သဘာဝပတ်ဝန်းကျင် အစည်းအဝေးတွင် ကုလ သမဂ္ဂ ယူနက်စကိုအဖွဲ့က မြန်မာနိုင်ငံ၏ ပထမဆုံး လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် အတည်ပြု သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

အင်းလေးကန်သည် ဒေသရင်းဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝခြင်းနှင့် ထူးခြားသည့် ဘာသာရေး၊ ယဉ် ကျေးမှုနှင့် ဓလေ့ထုံးစံအမွေအနှစ်များရှိခြင်း ကြောင့် ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင် တစားလည်ပတ်ရာ ဒေသတစ်ခုဖြစ်ကြောင်း၊ ၁၉၈၅ ခုနှစ်မှစ၍ အင်းလေးကန်ဒေသကို ဘေးမဲ့တော အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနက ဖွဲ့စည်း စီမံအုပ်ချုပ်ခဲ့ကြောင်း၊ ထူးခြားသည့်ဂုဏ်အင်္ဂါများကြောင့် အာဆီယံအမွေ အနှစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း၊ ထို့ နောက် ဇွန်လအတွင်းတွင် အင်းလေးကန်ဒေသကို ယူနက်စကိုမှ လူသားနှင့် ဇီဝအဝန်းနယ်မြေ အဖြစ် အတည်ပြုသတ်မှတ်ခဲ့ကြောင်း၊ လူသားနှင့် ၄င်းတို့၏ လူမှုစီးပွားရေးဘဝကို အထောက်အကူ ပြုနေသည့် သဘာဝပတ်ဝန်းကျင်တို့အကြား အပြန် အလှန် သဟဇာတမျှတစွာ ဆက်စပ်ရပ်တည်နိုင် ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ်ကို ယူနက်စကိုမှ ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့ပြီး လူသား နှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဆက်သွယ်မှု ပိုမိုတိုးတက်လာစေရန် သိပ္ပံသုတေသနလုပ်ငန်းများ၊ ပညာပေးရေးလုပ်ငန်းများနှင့် သဘာဝအရင်းအမြစ် များစီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်းရပ်များကို အဆိုပါ အစီအစဉ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်း များအဖြစ် ထည့်သွင်းထားရှိသည်။ အဖွဲ့ဝင်နိုင်ငံ တိုင်းရှိ သဘာဝနယ်မြေများ၊ ဂေဟစနစ်နှင့် ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနယ်မြေများအနက် ကမ္ဘာ လုံးဆိုင်ရာ ထင်ရှားထူးခြားပြီး ထိန်းသိမ်းကာကွယ် နိုင်မည့်ဒေသများကို ဇီဝအဝန်းနယ်မြေများဟု ခေါ်ဝေါ်သတ်မှတ်ကာ စံနှုန်းများအနေဖြင့် သတ်မှတ်ချက် (၆)ချက်၊ ဖြည့်စွက်သတ်မှတ် ချက် (၁)ချက်တို့နှင့် ကိုက်ညီမှုအရ အဆိုပါ သတ်မှတ်မည့်နေရာ၊ နယ်မြေဒေသကို ဇီဝအဝန်း နယ်မြေအဖြစ် အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီ ချက်ရယူ၍ သတ်မှတ်ထုတ်ပြန်ကြေညာပေးလျက် ရှိသည်။

ဇီဝအဝန်းနယ်မြေ၏ အဓိကရည်ရွယ်ချက်မှာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ၄င်းနယ်မြေ အတွင်းရှိ ပြည်သူတို့၏ လူမှုစီးပွားရေးမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းနှင့် သဘာဝသယံဇာတများအပေါ် မှီခိုထုတ်ယူသုံးစွဲ နေမှုတို့ကို ညီညွတ်မျှတအောင် ထိန်းညှိစီမံအုပ်ချုပ် သည့် စနစ်တစ်ခုရှိစေခြင်းတို့ဖြစ်ကြောင်း သိရ သည်။

မြ၀တီ 

No comments:

Post a Comment