Monday 1 December 2014

အစိုးရနှင့် NCCT အစည်းအဝေး ကျင်းပမည့်ရက် နောက်ဆုတ်

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကိစ္စ ဆွေးနွေးရန် စီစဉ်ထားသော်လည်း ရွှေ့ဆိုင်းထားရကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း ပြန်ကြားရေးတာဝန်ရှိသူ ဦးလှမောင်ရွှေက The Voice သို့ ပြောကြားသည်။

NCCT အဖွဲ့ကို အစိုးရက ဒီဇင်ဘာ ၃ ရက်နေ့တွင် တွေ့ဆုံရန် အကြောင်းကြားထားသော်လည်း နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်နေ့တို့တွင် ချင်းမိုင်မြို့၌ ကျင်းပမည့် NCCT အစည်းအဝေး ရှိနေသောကြောင့် ယင်းရက်တွင် တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း NCCT ထံမှ သိရှိရသည်။

အဆိုပါ အစည်းအဝေးကို မည်သည့်နေ့ရက်တွင် ပြန်လည်ကျင်းပမည်ကိုမူ NCCT က အတိကျ အကြောင်း ပြန်ကြားလာခြင်း မရှိသေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။ “သူတို့ ချင်းမိုင်မှာ လုပ်မယ့် အစည်းအဝေး မှာ တွေ့မယ့်ရက် ပြန်ဆုံးဖြတ်မယ်လို့ ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။

နိုဝင်ဘာလ နောက်ဆုံးပတ် အတွင်းက မြန်မာငြိမ်းချမ်းရေးစင်တာ အလုပ်အဖွဲ့နှင့် NCCT အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာ၊ ဖဒိုစောကွယ်ထူးဝင်း၊ ဆလိုင်းလျန်မှုန်းထန် စသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။

နိုဝင်ဘာလ တတိတယအပတ် အတွင်း တပ်မတော်က KIO/KIA ဗိုလ်သင်တန်းကျောင်းကို လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ ၅ ဖွဲ့မှ ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သည့် အတွက် အစိုးရနှင့် NCCT အစည်းအဝေး နှောင့်နှေးနိုင်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာသူများက ဝေဖန် ပြောဆိုနေကြသည်။

The Voice Weekly 

No comments:

Post a Comment