Monday 1 December 2014

ထိုင်းဘုရင့်မိသားစုနဲ့ဆက်နွယ်တဲ့ စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်

မြန်မာပြည်ရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံဘက်က ထွက်လာတဲ့ သတင်းတွေထဲမှာ ထိုင်းလူမျိုးတွေစိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ် ပါပါတယ်။ အဲဒါကတော့ ထိုင်း အိမ်ရှေ့မင်းသား Vajiralongkorn က သူ့ကြင်ယာတော် ဘက်ကမိသားစုရဲ့ တော်ဝင်ဘွဲ့အမည်တွေ ရုပ်သိမ်းလိုက်ဖို့ အစိုးရကို အကြောင်းကြားလိုက်တယ် ဆိုတဲ့ သတင်းပါပဲ။

ဒါဟာ ထိုင်းရဲတပ်ဖွဲ့ထိပ်ပိုင်းအရာရှိကြီးတချို့ကို အရေးယူမှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်ပါ။

ယခင်တပတ်ကပဲ သူ့ကြင်ယာတော် မင်းသမီး Srirasm ရဲ့ ဆွေမျိုး အနည်းဆုံး ၃ ဦး အဂတိလိုက်စားမှုနဲ့ အထိန်းသိမ်းခံရပြီး အဲဒီလို အကြောင်းကြားခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းများမှာ ရေးထားပါတယ်။

တော်ဝင်မိသားစုရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လျှို့ဝှက်ထားတဲ့ ထိုင်းနိုင်ငံမှာတော့ ဒီအမှုကို စိတ်ဝင် စားနေ ကြတာပါ။ သို့သော်လည်း ဘုရင်စနစ်ကို စော်ကားတယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံနိုင် တယ်ဆိုတဲ့ ဘုရင်မိသားစုကို မလေးမစားပြုမှုဥပဒေကြောင့် အမှုနဲ့ပတ်သက်ပြီး အဖြေမထွက်သေးတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

အထက်ဖော်ပြပါ မိသားစုဝင်တို့ရဲ့ နာမည်တွေကနေ ‘Akrapongpreecha’ ဆိုတဲ့ ဘွဲ့အမည်ကို ရုပ်သိမ်းဖို့ အိမ်ရှေ့မင်းသားက အမိန့်ပေးခဲ့တဲ့စာဟာ ထုတ်ပြန်တဲ့ ရက်စွဲက သောကြာနေ့ပါ။ စာက လိုတိုရှင်းပဲ ရေးထားတယ်၊ ဘာကြောင့် ဆိုတာကို ရှင်းပြထားခြင်း မရှိပါဘူး။

ရဲဗိုလ်ချုပ် Prawut Thavornsiri က အဲဒီစာအကြောင်း အတည်ပြုပါတယ်။

ရုပ်သိမ်းလိုက်တဲ့ အဲဒီဘွဲ့ကို သူတို့ လက်ထပ်တဲ့ ၂ဝဝ၁ ခုနှစ်မှာ ပေးခဲ့ခြင်းပါ။

သူ့ကြင်ယာတော် မင်းသမီး Srirasm က သူ့ရဲ့ တတိယအိမ်ထောင်ဘက်ဖြစ်ပါတယ်။ ယခင်တပတ်က တော်ဝင်အခမ်းအနားတခုမှာ မင်းသမီးကို အိမ်ရှေ့မင်းသားနဲ့အတူ တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ သားတော်က အသက် ၉ နှစ် ရှိပါပြီ။

အိမ်ရှေ့မင်းသားဟာ အနာဂတ်မှာ ဘုရင်ဖြစ်လာမယ့်သူပါ။ မင်းသမီး Srirasm က မိဘုရားကြီး ဖြစ်လာဖွယ်ရှိပါတယ်။

ဖမ်းဆီးမှုမှာ ရဲအရာရှိကြီး အနည်းဆုံး ၈ ဦး အဖမ်းခံရပြီး အဂတိလိုက်စားမှု၊ ဘုရင်စနစ် အသရေညှိုးနွမ်း အောင် ဆောင်ရွက်မှု အစရှိတဲ့ အမှုကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ထိုင်း ရဲတပ်ဖွဲ့ဟာ နိုင်ငံရဲ့ အဂတိလိုက်စားမှုအကြီးမားဆုံးဌာနတခုအဖြစ် နာမည်ထွက်ပါတယ်။ ဒီလို အရေးယူမှုဟာ သက်တော် ၈၆ နှစ်အရွယ် ထိုင်းဘုရင် Bhumibol Adulyadej ကျန်းမာရေး ချို့ယွင်းနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

The Yangon Globe 

No comments:

Post a Comment