Monday 1 December 2014

ရန်ကုန်မြို့တော်၌ တရားခံပြေး ၁၃၀၀ ကျော် လွတ်မြောက်လျက်ရှိ

စစ်ပြေး၊ ရဲပြေး၊ တရားခံပြေးနှင့် ရဲဘက်ပြေးများကို လွန်ခဲ့သော နှစ်လက စတင်၍ စီမံချက်ဖြင့် ဖမ်းဆီး လျက်ရှိရာ ရန်ကုန်မြို့တော်အတွင်း တရားခံပြေး အပါအဝင် ပြေးလေးပြေး ၁၃၀၀ ကျော် လွတ်မြောက် နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းအတွင်း ပြေးလေးပြေး ၂၅၀၄ ဦး ရှိသည့်အနက် စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ပြေးလေးပြေး ၁၁၈၈ ဦးကို ဖမ်းမိခဲ့ရာတွင် လူသတ်မှု၊ လုယက်မှုနှင့် အခြားပြစ်မှုများ ကျူးလွန်ပြီးက ထွက်ပြေး တိမ်းရှောင်နေသော တရားခံပြေးများကို အများဆုံး ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ခြောက်လအတွင်းမှာ ပြေးလေးပြေး တစ်ဝက်ကျော် ဖမ်းဆီးနိုင်ဖို့ စီမံချက်နဲ့ ဆောင်ရွက်ခဲ့တယ်၊ ရဲစခန်း တစ်ခုက တစ်နေ့ကို ပြေးလေးပြေး တစ်ယောက် ဖမ်းဆီးပေးဖို့ အစီအစဉ်နဲ့ပေါ့၊ သုံးလမှာတင် တစ်ဝက်ကျော် ဖမ်းနိုင်ခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးပြည့်စုံက ရှင်းပြသည်။

မြန်မာနိုင်ငံအတွင်း ပြေးလေးပြေး တစ်သောင်းကျော် ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးလေး ပြေး ၂၅၀၄ ဦးကို စီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာ သုံးလအတွင်း တရားခံပြေး ၅၈၁ ဦး၊ စစ်ပြေး ၅၁၈ ဦး၊ ရဲပြေး ၆၆ ဦးနှင့် ရဲဘက်ပြေး ၂၃ ဦးတို့ကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

လူဦးရေ ထူထပ်ပြီး မြို့နယ်ပေါင်းစုံ မှလူစိမ်းများ နေ့စဉ် ဝင်ထွက်သွားလာလျက် ရှိသည့် ရန်ကုန်မြို့ အတွင်း မှုခင်းဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရန် နိုဝင်ဘာလဆန်းပိုင်းက စတင်ပြီး ခရိုင်အလိုက် အထူးမှုခင်းနှိမ်နင်းရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ အမှုပေါင်း ၁၄၅၄ မှု ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း၊ ယင်းအပြင် ထောင်ထွက် လူဆိုးလူမိုက်များ ခိုအောင်းရာ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာ ဈေးသစ်ကိုလည်း အထူးမှုခင်း နှိမ်နင်းရေးတစ်ရပ် ဆောင်ရွက်ခဲ့ရာ ဆက်ကြေးတောင်း နေသော လူဆိုးအဖွဲ့ကို ဖမ်းမိခဲ့ပြီး အခြားအမှုပေါင်း ၃၆ မှုကိုလည်း ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

“ပြေးလေးပြေး အပါအဝင် ပြစ်မှုအများဆုံး ဖြစ်တတ်တဲ့ မြို့နယ်တွေကို ပစ်မှတ်ထားပြီး အထူးမှုခင်း နှိမ်နင်းရေး စီမံချက် ဆောင်ရွက်နေတယ်၊ ဒါအပြင် ညအချိန် လူစည်ကားတတ်တဲ့ နေရာတွေမှာ ဒုစရိုက် မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လက်နက်ရှာဖွေရေး လုပ်ငန်းတွေကိုလည်း မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

The Voice Weekly 

No comments:

Post a Comment