Monday 1 December 2014

လယ်ယာမြေပြဿနာများအား အဓိကထားဖြေရှင်းရမည့် ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကာ ယခုအစိုးရ လက်ထက်၌ပင် ဆောင်ရွက်ပေးရန် သမ္မတနှင့်တွေ့ဆုံစဉ် နိုင်ငံရေးပါတီများ တင်ပြ

လယ်ယာမြေပြဿနာများအား အဓိကဖြေရှင်းရမည့် ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကာ ယခုအစိုးရ လက်ထက်၌ပင် ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများ ဘက်မှ တင်ပြမှုများ ရှိခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီများဘက်မှ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးဆိုင်ရာ ကိစ္စများအပြင် လယ်ယာမြေပြဿနာများနှင့် လယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ တင်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒုဥက္ကဋ္ဌ ဦးမောင်မောင်က “တောင်သူ လယ်သမားကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့ အစိုးရသက်တမ်းအနေနဲ့ တစ်နှစ်လောက်ပဲ ကျန်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လယ်ယာမြေမှုခင်းကိစ္စများနဲ့ ပတ်သက်လို့ နှောင့်နှေးကြန့်ကြာ မှုတွေ ရှိနေတဲ့အတွက် ဒါကိုသက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိတဲ့သူများကို ဆောင်ရွက်ပိုင်ခွင့် ရှိတဲ့သူများကို တွန်းတွန်းတိုက်တိုက်နဲ့ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ နောက်လယ်သမားများ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ထောင်ချနေခြင်းကိစ္စနဲ့ ပတ်သက်လို့လည်း တရားခံက တရားလိုဖြစ်ပြီး တရားလိုက တရားခံဖြစ်နေတာတွေ ရှိပါတယ်။ ဒါကြောင့် ဒါတွေကို ဒီအတောအတွင်း သက်ဆိုင်ရာတွေကို လမ်းညွှန်ဆောင်ရွက်ပေးဖို့ လိုနေပါတယ်။ နောက် သိမ်းဆည်းခံလယ်ယာမြေများနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်က စစ်အဆောက်အအုံမှအပ ကျန်လစ်လပ်မြေများကို လယ်သမားများလက်ကို အမြန်ဆုံးပြန်ပေးဖို့ ဒုတိယသမ္မတ ဦးဉာဏ်ဝင်းအနေနဲ့ ကျွန်တော်တို့ ၀န်ကြီးဌာနအလိုက် သိမ်းဆည်း ထားသော လယ်ယာမြေများကို အမြန်ဆုံးပြန်ပေးဖို့ ညွှန်ကြားထားသော်လည်း လယ်သမားတွေ လက်ဝယ်ကို ပေးကားပေး၍ မရဆိုသလို ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အထက်နဲ့အောက် သြဇာသက်ရောက်မှု အလွန်အင်မတန် နည်းနေတယ်လို့ ကျွန်တော်တို့ ဝေဖန်သုံးသပ်လို့ ရပါတယ်” ဟု ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်။

ခေတ်သစ်ပြည်သူ့ပါတီမှ ဗဟိုကော်မတီဝင် ဒေါ်ရင်ရင်စန်းကလည်း “ဒီကနေ့တိုင် မြန်မာတောင်သူ လယ်သမားတွေဟာ စီးပွားရေးအကျပ်အတည်းတွေနဲ့ ဖွံ့ဖြိုးမှုနှေးကွေးလျက် ရှိပါသေးတယ်။ နံပါတ်(၁)အနေနဲ့  အစိုးရစိုက်ပျိုးငွေကို လယ် ၁၀ ဧကနဲ့အောက်လုပ်တဲ့ လယ်သမားတွေကိုသာ ထုတ်ချေးနေပါ တယ်။ ဒါ့ကြောင့် လယ်(၁၀)ဧကနဲ့အထက်လုပ်တဲ့ လယ်သမားကြီးများကို နီးစပ်ရာနာမည် အမျိုးမျိုးနဲ့ လယ် ၁၀ ဧက အောက်အမည်ပြောင်းပြီး ချေးနေပါတယ်။ အဲဒီအတွက်ကိုလည်း လယ် ၁၀ ဧကအောက် လုပ်တဲ့ စိုက်ပျိုးရေးသမားတွေကိုလည်း စိုက်ပျိုးချေးငွေ အလုံအလောက်ပေးနိုင်ဖို့ လိုပါတယ်။ နံပါတ်(၂)က အစိုးရက လက်ရှိလယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေပေးနေတဲ့ ခြောက်လအစား နှစ်ရှည်အတိုးမဲ့ ချေးငွေများ ထုတ်ပေးနိုင်ပါရန်” ဟု တင်ပြခဲ့သည်။

ထို့အပြင် အစိုးရမှ တောင်သူလယ်သမားများကို ရောင်းနှံခွင့်ပုံစံ ၇ ထုတ်ပေးထားသော်လည်း ပေါင်နှံခွင့် နည်းဥပဒေ မရှိသည့်အတွက်ကြောင့် ပြင်ပမအတိုးကြီး ပေးချေးငှားကာ လုပ်ကိုင်နေရမှုများ မရှိစေရေး အတွက် အစိုးရထံမှ လယ်ယာတရားဝင်ပြဋ္ဌာန်းခွင့် နည်းဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် လိုအပ် ကြောင်းလည်း တင်ပြခဲ့သည်။

ထို့အပြင် တိုင်းရင်းသားပါတီအချို့မှလည်း ၎င်းတို့ဒေသများတွင် ကြုံတွေ့နေရသည့် ကုမ္ပဏီများနှင့် ဒေသခံများကြား လယ်ယာမြေအငြင်းပွားမှု ကိစ္စရပ်များကို တင်ပြခဲ့ကြပြီး ထိရောက်သည့်ဖြေရှင်းမှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

“တောင်သူတွေရဲ့ ပြဿနာ တွေကို ဒီအစိုးရလက်ထက်မှာတင် အပြီးအပြတ် ဖြေရှင်းပေးစေချင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောကြားသည်။

အဆိုပါ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတဦးသိန်းစိန်က “ကျွန်တော်တို့ အစိုးရလက်ထက် ကျွန်တော် တို့ တက်လာတဲ့အချိန်မှာ ခုနကလို ကျွန်တော်တို့ ခေါင်းအခဲဆုံးကိစ္စပါပဲ။ ခေါင်းအခဲဆုံး ကိစ္စမို့လို့ ဒီအတိုင်း သွားနေပါစေဆိုပြီး ပစ်ထားသလားဆိုတော့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဆိုလို့ရှိရင် ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် ဒုသမ္မတတစ်ဦးကိုပါ တာဝန်ပေးပြီးတော့ လုပ်ပေးနိုင်တဲ့ဟာတွေကို ကျွန်တော်တို့ ချက်ချင်း ဖြေရှင်းပေးဖို့ သို့သော်လည်း တချို့ကိစ္စတွေကျတော့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေနဲ့ညီအောင် ကျွန်တော်တို့ လုပ်ကြပြုကြရတာတွေ ဖြစ်ပါတယ်။ ဥပဒေနဲ့ညီအောင် လိုက်ပြီးတော့ ကြည့်ရတယ်။ ဥပဒေနဲ့ အညီ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြည့်ရတယ်။ အဲဒီတော့ တချို့ကိစ္စတွေဟာ အချိန်ယူရတာ တွေ ရှိပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် သမ္မတဦးသိန်းစိန်က လယ်ယာမြေကိစ္စလည်း အစိုးရတစ်ခုတည်း ဖြေရှင်း၍မရကြောင်း၊ ထို့အတွက် လွှတ်တော်ကလည်း ပါဝင်ဖြေရှင်းပေးဖို့ လိုအပ်သလို ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ နေသည့် ပါတီအဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့လိုကြောင်း၊ ကျန်ရှိသည့် အစိုးရ သက်တမ်း တစ်နှစ်အတွင်း အဆိုပါလုပ်ငန်းများအောင်မြင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သို့သော် နိုင်ငံရေးပါတီများအနေဖြင့် အစိုးရမှ ဆောင်ရွက်ပေးနေသည့် လယ်ယာမြေပြဿနာများ ဖြေရှင်းရေး လုပ်ငန်းစဉ်အပေါ် မေးခွန်းထုတ်လျက်ရှိသလို လွှတ်တော်တွင်လည်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအား ပြဋ္ဌာန်းပြီး သုံးလအကြာတွင် နည်းဥပဒေ ထုတ်ပြန်ရမည်ဖြစ်သော်လည်း ကိုးလခန့်ကြာမြင့်လာသည့် လက်ရှိအချိန်အထိ နည်းဥပဒေ အား ထုတ်ပြန်နိုင်မှု မရှိသေးကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment