Wednesday 26 November 2014

ဟောင်ကောင်တွင် သပိတ်စခန်းများ ဖြိုခွင်းပြီး ဆန့်ကျင်ဆန္ဒပြသူများစွာကို ဖမ်းဆီး

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ သပိတ်စခန်းများကို ရဲတပ်ဖွဲ့မှ ဖြိုခွင်းစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဆန့်ကျင်ဆန္ဒပြသူများစွာတို့ကို ဖမ်းဆီးလိုက်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။

အဆိုပါ ဖမ်းဆီးခံရသူများတွင် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ဂျိုလျွာဝေါင်နှင့် လက်စ်တာရှန် တို့လည်း ပါဝင်သည်။

တရားရုံးအမိန့်အရ အာဏာပိုင်များသည် ကိုလွန် စီးပွားရေး ခရိုင်တွင်းမှ မန်ကွတ် သပိတ်စခန်းကို ဖြိုခွင်း ခဲ့ကြခြင်းဖြစ်သည်။

ယမန်နေ့ညက နေသန်လမ်းမကြီးအနီးရှိ လမ်းများတွင် ဆန္ဒပြအင်အားစုများနှင့် ရဲများ လုံးထွေးသတ်ပုတ် ခဲ့ကြပြီး ရဲများက နံပတ်တုတ်များနှင့် ရိုက်နှက်ကာ မျက်ရည်ယို စပရေးများဖြင့် ဖြန်းပက်နှိမ်နင်းခဲ့သည်။

ကျောင်းသားအရေး လှုပ်ရှားမှုတွင် ခေါင်းဆောင်ဖြစ်ခဲ့ဖူးသော ဂျိုလျွာဝေါင်နှင့် ခေါင်းဆောင်တစ်ဦးဖြစ် သည့် လက်စ်တာရှန်တို့ကို အခြား ဆန္ဒပြခေါင်းဆောင်များနှင့်အတူ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဟောင်ကောင် ကျောင်းသားအဖွဲ့ချုပ်မှ သိရသည်။

ယခု အဖမ်းခံရခြင်းမှာ မစ္စတာဝေါင်အတွက် လပိုင်းအတွင်း ဒုတိယအကြိမ်မြောက် ဖမ်းဆီး ခံရခြင်းဖြစ် သည်။ ပြီးခဲ့သည့် စက်တင်ဘာက ဆန့်ကျင်ဆန္ဒပြမှုများ စတင်ချိန်တွင်လည်း ၎င်းကို ဖမ်းဆီးခဲ့ကြသည်။

တရားရုံးမှ သပိတ်စခန်းဖြိုခွင်းရန် ခွင့်ပြုလိုက်ချိန်တွင် အာဏာပိုင်များသည် မန်ကွတ်မြို့ရှိ ဒန်ဒတ်စ်နှင့် အာ့ဂ်ရဲလ်လမ်းတို့ကို ရောက်လာကြခြင်းဖြစ်သည်။

ယင်းသပိတ်စခန်းသည် မိမိတို့၏ စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေသည်ဟု တက္ကစီကုမ္ပဏီတစ်ခုက တိုင်ကြား၍ ဖယ်ရှားစေခြင်း ဖြစ်သည်။

မန်ကွတ်မြို့အတွင်း၌ပင် အခြား သပိတ်စခန်းတစ်ခုကိုလည်း ဘတ်စ်ကားကုမ္ပဏီတစ်ခုက တိုင်ကြားခဲ့၍ ယမန်နေ့က ဖြိုခွင်းခဲ့ကြသည်။

ယနေ့နံနက် အစောပိုင်းအထိ မန်ကွတ်မြို့အတွင်း ဆက်လက်၍ ရှင်းလင်းနေကြသည်။

၂၀၁၇ ရွေးကောက်ပွဲတွင် နိုင်ငံခေါင်းဆောင်အား ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ ရွေးကောက် တင်မြှောက် ပိုင်ခွင့်ကို တောင်းဆိုလျက် သပိတ်စခန်းများသည် အောက်တိုဘာလ အစောပိုင်းကတည်းက လမ်းများပေါ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

သို့ရာတွင် ဘေကျင်းအစိုးရကြိုးကိုင်သည့် ကော်မတီတစ်ရပ်မှ ရွေးချယ်ထားသည့် ကိုယ်စားလှယ် များကိုသာ ဟောင်ကောင်ပြည်သူတို့က မဲပေး ရွေးချယ်ရမည်ဟု တရုတ်အစိုးရကဆိုခဲ့သည်။

သပိတ်မှောက်မှုများ စတင်ခဲ့သည့် အောက်တိုဘာလကတည်းကပင် ဆန့်ကျင်ဆန္ဒပြသူပေါင်းမှာ သိန်းနှင့် ချီ၍ ပါဝင်လာသော်လည်း နှစ်ဘက်စလုံးတွင် ညှိနှိုင်းမှုများ လုပ်လာပြီးနောက် အင်အားမှာ တစ်စတစ်စ လျော့ပါးသွားခဲ့သည်။

ဗြိတိန်နှင့် တရုတ်ပြည်မကြီးတို့သည် ၁၉၈၄ ခုနှစ်တွင် ဟောင်ကောင်ကို နိုင်ငံခြားရေးနှင့် ကာကွယ်ရေးတို့မှ လွဲ၍ အခြား ကဏ္ဍများတွင် မြင့်မားသည့် အဆင့်တစ်ခုဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရန် သဘောတူညီခဲ့ကြပြီး နှစ် ၅၀ အကြာ ၁၉၉၇ ခုနှစ်တွင် တရုတ်ပြည်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဒီမိုကရေစီအရေး လှုပ်ရှားနေသူများက နိုင်ငံရေး ပြုပြင်ပြောင်းလဲရန် လူထုဆန္ဒကောက်ခံမှုကို ယခုနှစ် ဇွန်လမှ ဇူလိုင်လအတွင်း တရားမ၀င်ကျင်းပခဲ့ရာ ပြည်သူအတော်များများက ထောက်ခံခဲ့ကြသည်။

သို့ရာတွင် ဘေကျင်းလိုလားသည့် တက်ကြွလှုပ်ရှားသူများက ယင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

သြဂုတ် ၃၁ ရက်တွင် တရုတ်က ၂၀၁၇ နှစ်၌ တိုက်ရိုက်ရွေးကောက်ပွဲများကျင်းပပေးရန် ခွင့်ပြုလိုက်သော် လည်း ဘေကျင်းအစိုးရက တင်ကြို စုစည်းပေးထားသည့် ကိုယ်စားလှယ်လောင်းများအနက်မှသာ ဟောင်ကောင်ပြည်သူတို့က မဲပေးရွေးချယ်ရမည်ဟု ဆိုလာသည်။

စက်တင်ဘာ ၂၂ တွင် ကျောင်းသားအုပ်စုများက တစ်ပတ်ကြာ ကျောင်းမတက်ဘဲ ဆန့်ကျင် ဆန္ဒပြ လိုက် သည်။

စက်တင်ဘာ ၂၈ တွင် အခြား အင်အားစုများနှင့် ပေါင်းစည်းလျက် ကျောင်းသားများသည် ဟောင်ကောင် ၏ ဗဟိုအချက်အခြာ ဒေသများကို သိမ်းပိုက်၍ သပိတ်စခန်းများ ဆောက်ခဲ့သည်။

အောက်တိုဘာ လတွင်မူ ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အမှုဆောင်ချုပ် လျင်ချွမ်ယင် က ရာထူးမှ နှုတ်ထွက်ပေးရန် ငြင်းဆန်လိုက်ပြီး ကျောင်းသားခေါင်းဆောင်များနှင့် အစိုး ရကြား ဆွေးနွေးမှုများ ရပ်တန့်သွားသည်။ တရားရုံးချုပ်ကလည်း သပိတ်စခန်းများ ဖြိုခွင်းရန် အမိန့် ထုတ်လိုက်သည်။

နိုဝင်ဘာ ၁၅ ရက်တွင် ကျောင်းသားခေါင်းဆောင်များက ဘေကျင်းသို့ ချီတက်ဆန္ဒပြရန် ကြိုးပမ်းမှုအရေး နိမ့်ခဲ့ပြီး ၁၈ ရက်တွင် ရေတပ်ဌာနအနီးမှ သပိတ်စခန်းတစ်ခုကို စတင်ဖြိုခွင်းခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

No comments:

Post a Comment