Wednesday 26 November 2014

ရန်ကုန်မြို့တော် အသန့်ရှင်းဆုံးမြို့နယ်ဆု ပထမဦးဆုံး ရွေးချယ်မည်

ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ်များအနက် မြို့နယ်တစ်ခုကို ရွေးချယ်ကာ မြို့တော်၏ အသန့်ရှင်းဆုံးကို ဒီဇင်ဘာလတွင် ပထမဦးဆုံး ရွေးချယ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယ ဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။

ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ ခုအနက် မြို့နယ် တစ်ခုချင်းစီအလိုက် သန့်ရှင်းမှု မြင့်တက်လာစေရန် ရည်ရွယ်ကာ ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ ဆုရွေးချယ်ရာတွင် မြို့နယ် တစ်ခုချင်းစီအလိုက် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်မှု၊ အမှိုက်ပုံများ သန့်စင်မှု အနေအထား၊ သန့်ရှင်းမှု အနေအထားများပေါ် အကဲဖြတ် အမှတ်ပေးကာ အကောင်းဆုံး မြို့နယ်ကို ရွေးချယ်မည် ဖြစ်ကြောင်း၊ ယင်းဆုကိုမူ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ရွေးချယ်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ယင်းဆုကို ရွေးချယ်ရာတွင် မြို့တော်စည်ပင်မှ တာဝန်ရှိသူများအပြင်၊ မြို့နယ်အလိုက် တာဝန်ရှိသူများ၊ မြို့နယ် အထာက်အကူပြု အဖွဲ့အစည်းများ ပါဝင်မည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ စုံစမ်းသိရှိရသည်။

“မြို့နယ်အလိုက် ဆုပေးမယ်ဆိုရင် ရတဲ့မြို့နယ်ကို ကျန်တဲ့မြို့နယ်တွေက အားကျစရာဖြစ်အောင် ဆုပေးရမယ်၊ ရွေးချယ်တဲ့ နေရာမှာလည်း သေသေချာ ချာရွေးချယ်မယ် ဆိုရင်တော့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါ” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောကြားသည်။

မြို့နယ်များ နှိုင်းယှဉ်ရွေးချယ်မှုကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်မည်ဖြစ်ပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် ဆုရရှိသည့် မြို့နယ်ကို ကြေငြာမည် ဖြစ်ကြောင်း၊ ဆုကြေးအဖြစ် သတ်မှတ်မည့် နှုန်းထားကိုမူ လက်တလောတွင် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

နေစဥ့် အမှိုက်တန်ချိန် ၁၆၀၀ ခန့် ထွက်ရှိသော ရန်ကုန်မြို့တော်၏ အမှိုက်သိမ်း လုပ်ငန်းများကို ဝန်ထမ်း အင်အား ၃၇၀၀ ကျော်၊ အမှိက်သိမ်းယာဉ် ၂၈၇ စီးဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်အားလုံးတွင် အုတ် အမှိုက်ကန် ၃၀၀ ကျော်နှင့် အမှိုက်ပုံး ၆၀၀၀ ကျော် ဖြန့်ဝေထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly 

No comments:

Post a Comment