Wednesday 26 November 2014

ရန်ကုန်မြို့တော်အတွင်း အမှိုက်ပုံး ၆၂၀၀ ကျော် ထပ်တိုးချထားမည်

ရန်ကုန်မြို့တော်တွင် စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်သူများ လျော့ပါးစေရေးနှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်စေရန် ရည်ရွယ်၍ နိုဝင်ဘာလကုန်တွင် အမှိုက်ပုံး ၆၂၀၀ ကျော်ကို ထပ်တိုးချထားမည် ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ဒုတိယ ဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ မြို့နယ်များတွင် ချထားပေးသော အမှိုက်ပုံးများမှာ ၆၀၀၀ ကျော်ရှိပြီး နိုဝင်ဘာလ ကုန်တွင် ထပ်တိုး ချထားပေးမည့် အမှိုက်ပုံးများ ထပ်တိုးလာမည် ဆိုပါက အမှိုက်ပုံးပေါင်း ၁၂၀၀၀ ကျော် ရှိလာမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရှိရသည်။

“အမှိုက်စွန့်ပစ်ဖို့ နေရာများများရှိရင် စည်းကမ်းမဲ့ စွန့်ပစ်လာတာတွေ နည်းလာနိုင်တဲ့အတွက် ထပ်တိုးချ တာပါ” ဟု အဆိုပါဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။

ထပ်တိုးချမည့် အမှိုက်ပုံးများသည် ၆၆၀ လီတာဆံ့ လိမ္မော်ရောင် အမှိုက်ပုံးများ ဖြစ်ပြီး ရန်ကုန်မြို့၏ အဓိက လမ်းမများဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ဝေဇယန္တာလမ်းများတွင် ထားရှိမည် ဖြစ် ကြောင်း ယခင်ထားရှိထားသော ၂၄၀ လီတာဆံ့ အစိမ်းရောင် အမှိုက်ပုံးများကို ရပ်ကွက်များ အတွင်းသို့ ပြောင်းရွှေ့ ထားရှိမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“အမှိုက်ပုံးတွေကိုတော့ နေရာတော်တော်များများမှာ တွေ့လာတယ်။ ဒါပေမဲ့ အမြဲတမ်း လျှံထွက်နေပြီး အနံ့အသက် မကောင်းလို့ လမ်းသွားလမ်းလာတွေ ဒုက္ခရောက်ပါတယ်။ ပုံမှန်လေးတော့ အမှိုက်လာသိမ်း စေချင်တယ်” ဟု ပန်းပဲတန်း မြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် ဦးနိုင်မင်းက ပြောဆိုသည်။

ယင်းကဲ့သို့ ထပ်တိုးချမည့် အမှိုက်ပုံး အသစ်များမှာ တစ်ပုံးလျှင် ကျပ် ၂ သိန်း ၇ သောင်းခန့်ရှိပြီး ယခင် ချထားခဲ့သော အမှိုက်ပုံးများ၏ တန်ဖိုးသည် ကျပ် ၆ သောင်းကျော်သာ ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန်ရှင်းရေးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly 

No comments:

Post a Comment