Wednesday 26 November 2014

NCCT အဖွဲ့အစည်းအဝေး ထိုင်းနိုင်ငံတွင် ကျင်းပရန် ထိုင်း အာဏာပိုင် များက ခွင့်ပြု

တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ဖွဲ့စည်းထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ဗဟို ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံအတွင်းကျင်းပနိုင်ရန် ထိုင်းအာဏာပိုင်များက ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြော သည်။

''အစည်းအဝေးကျင်းပခွင့်ကို နိုဝင်ဘာ၂၄ရက် ညနေပိုင်းမှာရတယ်''ဟု နိုင်ဟံသာက ပြောသည်။

ယခုကဲ့သို့ ကျင်းပခွင့်ရရှိရန်အတွက် အစိုးရ၏ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ ထိုင်းအစိုးရထံ ထိုင်းနိုင်ငံ တွင် ကျင်းပခွင့်ပေးရန်အကူအညီတောင်းခံမှုပြုလုပ်ခဲ့ရကြောင်း မြန်ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးဦးလှမောင်ရွှေ က ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုပြုလုပ်နိုင်ရေးအတွက် အစိုးရနှင့်မဆွေးနွေး မီ ပြင်ဆင်မှုအနေဖြင့် ကျင်းပဆွေးနွေးရန် ရည်ရွယ်ထားသည့် NCCT အစည်းအဝေးကို မူလက နိုဝင်ဘာ ၂၄ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပရန် ရည်ရွယ်ထားသော်လည်း ထိုင်းစစ်တပ်တပ်မဟာ (၃)ထံ ခွင့်ပြုချက် မရခဲ့သဖြင့် ကျင်းပ ခြင်းမရှိခဲ့ပေ။

''ကျွန်တော်တို့ NCCT အစည်းအဝေးကို ကျင်းပခွင့်ရတယ်ဆိုပေမယ့် ချက်ချင်း မလုပ်နိုင်သေးဘူး။ နောက် တစ်ပတ်လောက်မှ လုပ်နိုင်မယ်။ အဖွဲ့ဝင်တွေက အကုန်ရောက်မလာသေးသလို လိုင်ဇာက တိုက်ခိုက်မှုက လဲပေါ်လာတော့ ကေအိုင်အိုတို့၊ တအာင်းတို့က ချက်ချင်းမလာနိုင်ဘူးဖြစ်နေတယ်'' ဟု အင်န် စီစီတီ အဖွဲ့ခေါင်းဆောင်နိုင်ဟံသာက ပြောသည်။

NCCT အဖွဲ့အစည်းအဝေး ကျင်းပမည့်ရက် နောက်ဆုတ်သွားသည့်အတွက် အစိုးရနှင့် NCCT တို့အကြား ဒီဇင်ဘာ ပထမပတ်တွင်ပြုလုပ်ရန် ရည်ရွယ် ထားသည့် ခုနစ်ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ လည်း ဒီဇင်ဘာဒုတိယနှင့် တတိယအပတ်တွင်သာ ကျင်းပနိုင်တော့မည်ဖြစ်
ကြောင်း ဦးလှမောင်ရွှေကပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုပြုလုပ်နိုင် ရေးအတွက် ဆွေးနွေးမှုများပြုလုပ်နေရာ အချက် ၁၂၂ ချက်ပါ အပစ်ရပ်မူကြမ်းတွင်အချက်ရှစ်ချက်သာ သဘော တူညီမှုရယူရန် ကျန်ရှိနေသည်။

STAL
‪Democracytoday‬

No comments:

Post a Comment