Wednesday 26 November 2014

စစ်သတင်းထုတ်ပြန်မှု မြန်ဆန်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်

တပ်မတော်နှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို သတင်းမီဒီယာများ ရယူသည့်အခါ ချောမွေ့ မြန်ဆန်စေရေးအတွက် တပ်မတော် အရာရှိများနှင့် သတင်းမီဒီယာမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ သိရသည်။

တပ်မတော်၊ ပြည်သူ့ ဆက်ဆံရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးက တာဝန်ယူ ကျင်းပမည့် ယင်း ဆွေးနွေး ပွဲကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ရုံးခန်း၌ လာမည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး မီဒီယာ၏ သဘောသဘာဝနှင့် တပ်မတော်၏ သဘောသဘာဝများကို အပြန်အလှန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမြင့်ကျော်က The Voice သို့ ပြောဆိုသည်။

“သတင်းတွေ ဘယ်လိုရယူမလဲ ဆိုတာတွေ၊ ပြီးတော့ ရယူတဲ့အခါမှာ မြန်ဆန်မှု၊ ခိုင်မာမှုအောင် ဘယ်လို လုပ်ရမလဲ ဆိုတာတွေ ဆွေးနွေးသွားဖို့ပါ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သတင်းမီဒီယာ တစ်ခုလျှင် အယ်ဒီတာချုပ် (သို့မဟုတ်) တာဝန်ခံ အယ်ဒီတာ (သို့မဟုတ်) သတင်းထောက်ချုပ်တစ်ဦး တက်ရောက်နိုင်ရန် ဖိတ်ကြားထားပြီး တပ်မတော်ဘက်မှ တက်ရောက်မည့် အရေအတွက်ကိုမူ မသိရှိရသေးကြောင်း စာနယ်ဇင်းကောင်စီထံမှ သိရသည်။

ပြီးခဲ့သည့် ကာလတစ်လျှောက် တပ်မတော်နှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များကို သတင်း မီဒီယာများ ရယူရာတွင် ခက်ခဲမှုများအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

လတ်တလောတွင် တပ်မတော်နှင့် ပတ်သက်သည့် သတင်းများအတွက် တပ်မတော် ပြောရေးဆိုခွင့် အရာရှိ သုံးဦးကို ထားရှိပေးထားသော်လည်း ၎င်းတို့ထံ တိုက်ရိုက် ဆက်သွယ်၍ ရရှိသည့် တယ်လီဖုန်း နံပါတ် များကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

တပ်မတော် အနေနှင့်လည်း သတင်းမီဒီယာများနှင့် ဆက်ဆံရန် စိုးရိမ်မှုများ ရှိနေကြောင်း၊ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် ပြေလည်လာနိုင်ကြောင်း ဦးမြင့်ကျော်က သုံးသပ်သည်။

“သူတို့တွေက မီဒီယာတွေက ပေါက်ကရ မေးခွန်းတွေ မေးလာမှာကို ကြောက်တယ်ဆိုတာ ဟုတ်ပါတယ်၊ ဒါကြောင့် မီဒီယာရဲ့သဘောသဘာဝလို့ ပြောတာ၊ မီဒီယာတွေ မေးတိုင်းလည်း မဖြေချင်တဲ့ မေးခွန်းကို မဖြေလို့ရတယ် ဆိုတာကို ဆွေးနွေးပွဲမှာ ဆွေးနွေးသွားဖို့ပါပဲ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ နိုဝင်ဘာလ ၂၃ ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံခဲ့ အပြီးတွင် ယင်းသို့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် သဘော တူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment