Wednesday 5 November 2014

သမ္မတအိုဘားမား ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ပြောကြား

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတအိုဘားမားသည် အာရှပစိဖိတ်သို့ ခြောက်ရက်ကြာ ခရီးစဉ်တွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက် အတွင်း မြန်မာနိုင်ငံသို့လာရောက်ပြီး နေပြည်တော်တွင်ကျင်းပမည့် အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေး ပွဲ သို့ တက်ရောက်မည်ဖြစ်သည်။ အိုဘားမားသည် မြန်မာခရီးစဉ်အတွင်း အမေရိကန်-မြန်မာ နှစ်နိုင်ငံဆွေးနွေးပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၁၅ ခုနှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရေပန်းစားနေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်း စုကြည်သည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရန် အဟန့်အတား ရှိနေသည်။ သမ္မတရာထူးအတွက် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ရွေးချယ်ခံခွင့်ရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို စဉ်းစားသွားမည်ဖြစ်ကြောင်း ပါလီမန်က ပြီးခဲ့သည့်လတွင် သဘောတူညီထားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများအတွက် ဆောင်ရွက်ရာ၌ အားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲလုပ်ငန်းစဉ်ရှိရန် လိုအပ်ကြောင်း အိုဘားမားက ပြီးခဲ့သည့်တစ်ပတ်တွင် သမ္မတဦးသိန်းစိန်ကို ဖုန်းဆက်တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး အရပ်သားအစိုးရသို့ ကူးပြောင်းခဲ့ပြီးနောက် သုံးနှစ် အကြာတွင်ကျင်းပမည့် ရွေးကောက်ပွဲများသည် လွတ်လပ်မှုအရှိဆုံးဖြစ်သည့် ရွေးကောက်ပွဲများဖြစ် မည်ဖြစ်ကြောင်း မြန်မာအစိုးရက ကတိပြုထားသည်။

အိုဘားမား၏ အာရှခရီးစဉ်တွင် တရုတ်ခရီးစဉ်လည်း ပါဝင်ပြီး နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း တရုတ် တွင်ကျင်းပမည့် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်ကိုလည်း တက်ရောက် မည်ဖြစ်သည်။ ထို့နောက် သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်အတွင်း သြစတြေးလျသို့ သွားရောက်ပြီး G 20 ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment