Wednesday 5 November 2014

မကွေးဆေးတက္ကသိုလ် ကျောင်းသားများ အုပ်စုဖွဲ့ တိုက်ခိုက်မှု ထပ်မံမခံ ရအောင် စီစဉ်ပေးမည်ဟု တိုင်းနယ်/လုံဝန်ကြီး ကတိပြု

မကွေးဆေးတက္ကသိုလ် ကျောင်းသားများအား အုပ်စုဖွဲ့ တိုက်ခိုက်နေရမှုများ ထပ်မံမဖြစ် ပေါ်စေရန် လုံခြုံရေးအစီအမံများ လုပ်ဆောင်သွားမည်ဟု မကွေးတိုင်းဒေသကြီး နယ်/လုံဝန်ကြီးက ကတိပြုလိုက် ကြောင်း မကွေးဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ပြောကြားသည်။

မကွေး ဆေးတက္ကသိုလ် ကျောင်းသားများမှာ အုပ်စုဖွဲ့ တိုက်ခိုက်မှုများ မကြာခဏ ခံနေ ခြင်းကြောင့် ကျောင်း သား များ၏ လုံခြုံရေးကို အပြည့်အ၀ အာမခံ ချက်ပေးရန် ဆေးကျောင်းများက တက္ကသိုလ်နှင့် အစိုးရအာဏာပိုင်များထံ အောက်တိုဘာလအ တွင်းတွင် စာရေးသားတောင်း ဆိုခဲ့သည်။

ယင်းတိုက်ခိုက်မှုများ အဆုံး သတ်စေရေးအတွက် မကွေးဆေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုယ်စားလှယ်များနှင့် မကွေးတိုင်းဒေသကြီး၏ နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးဇော်လင်းဦးဆောင် သည့် အာဏာပိုင်များ နိုဝင်ဘာ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ အပြီးအစိုးရအာဏာပိုင်များဘက်က ကျောင်းသားများ၏ လုံခြုံရေးကိုအကာအကွယ်ပေးရန် ကတိပြုခဲ့ခြင်း ဖြစ်သည်။

‘‘နောက်ထပ် ထပ်မဖြစ်ဖို့ လုံခြုံရေးအင်အား ဖြည့်ပေးမယ်။ ကင်းပုန်းဝပ်တာတွေ လုပ်မယ်လို့ ပြောတယ်။ သူတို့ကလည်း သူတို့ ဘက်က အခက်အခဲတွေ ပြောပြ တယ်။ ရဲတပ်ဖွဲ့အင်အားနည်းနေ တာတွေလိုမျိုး ကိစ္စတွေကိုလည်း ရှင်းပြတယ်’’ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ အရာရှိများနှင့် ဆွေး နွေးခဲ့သည့် မကွေးဆေးတက္က သိုလ်ကျောင်းသားများ သမဂ္ဂ သတင်းပြန်ကြားတာဝန်ခံ ကိုမင်း မင်းဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ  ၁၅ ရက် ည၌ မကွေးမြို့၏ လူစည်ကားရာ လမ်းမပေါ်တွင် ဆေးတက္ကသိုလ် ကျောင်းသားနှစ်ဦးထပ်မံတိုက်ခိုက်ခံရပြီးနောက် ကျောင်းသားများ၏ လုံခြုံရေးတိုး မြှင့်ပေးရန် အာဏာပိုင် များထံ ကျောင်းသားများက တောင်းဆို ထားခြင်း ဖြစ်သည်။

ဆေးကျောင်းသားများ တိုက်ခိုက်ခံရမှု ဆယ်မှုကျော် ဖြစ်လာခဲ့ပြီးနောက် ပြီးခဲ့သည့်လအတွင်းက   မကွေး ဆေးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ၏ ဆန္ဒပြု လက်မှတ်များကောက်ခံပြီး သမ္မတရုံးသို့ လိပ်မူကာ ကျောင်းသား များ၏ လုံခြုံရေးအတွက် တောင်း ဆိုခဲ့ဖူးသည်။

ယင်းကဲ့သို့ တိုင်ကြားပြီး နောက် အာဏာပိုင်များဘက်က ရဲနှင့် အရပ်ဘက် လုံခြုံရေးအများ အပြား ချထား ပေးခဲ့သည့် အတွက် ဆေးကျောင်းသားများ တိုက်ခိုက် ရမှုများ ငြိမ်သက်သွားသော်လည်း လုံခြုံရေးများ ပြန်ရုပ်သိမ်းသွား ပြီးနောက် တိုက်ခိုက်ခံရမှုလေးမှု ဆက်တိုက်ပြန်ဖြစ်လာ ကြောင်း မကွေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

7Day DAILY

No comments:

Post a Comment