Wednesday 5 November 2014

နိုင်/ကျဉ်းအဖြစ် စိစစ်ရန် တင်ပြထားသူများကိစ္စ အစိုးရထုတ်ပြန်ချက်သည် ယခင် အစိုးရလက်ထက်က ဥပဒေမဲ့ဖမ်းဆီး၍ ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့ သည်ကို သိလျက်နှင့် ဆက်လက်အကာအကွယ်ပေးနေသည့် လုပ်ရပ်ဟု AAPP နှင့် FPPS ထုတ်ပြန်

လက်ကျန်နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်ရန်တင်ပြထားသူများကိစ္စ အစိုးရထုတ်ပြန်ချက်သည် ယခင် အစိုးရလက်ထက်က ဥပဒေမဲ့ လက်လွတ်စပယ် ဖမ်းဆီး၍ အဆမတန် ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ် ခဲ့သည်ကို သိလျက်နှင့် ဆက်လက်အကာအကွယ်ပေးနေသည့် လုပ်ရပ်ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

AAPP နှင့် FPPS တို့မှ နိုင်ငံရေးအကျဉ်းသားအဖြစ် စိစစ်ရန် တင်ပြလာသည့် အကျဉ်းသားများအား စိစစ်မှုများပြုလုပ်ခဲ့ရာ သုံးဦးမှာ ပြစ်ဒဏ်မှလွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန် ၂၇ ဦးမှာ အခြားပြစ်မှု ကျူးလွန်ခဲ့သူများဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ပြစ်ဒဏ် များကို နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၁/၂ဝ၁၃) ဖြင့် ပယ်ဖျက်ပြီးဖြစ်ကြောင်းနှင့် လက်ကျန်ပြစ်ဒဏ် များသည် သက်ဆိုင်ရာတရားရုံးများ၏ ပြစ်ဒဏ်ချမှတ်ထားမှု အတိုင်းသာဖြစ်ကြောင်း အစိုးရက နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းသို့ ထုတ်ပြန်ချက်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသည့် အပြုသဘော ထုတ်ပြန်ချက်မဟုတ်ကြောင်း ထင်ရှားစွာတွေ့ရသည်ဟု AAPP နှင့် FPPS တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရ သတင်းစာများတွင် ပါရှိသည့် ထုတ်ပြန်ချက်များကို ဖတ်ကြည့်ရုံနှင့်ပင် ပြစ်ဒဏ်ချမှတ်ခံရသူ များသည် မမျှတသည့် အခြေအနေကို ကြုံတွေ့ခဲ့ရသူများဖြစ်သည်ဟု AAPP မှ ဦးဘိုကြည်က ဆိုသည်။ “ဒီစစ်တပ်က အရာရှိသုံးဦးရဲ့ ကိစ္စဆိုရင် ဖမ်းကိုမဖမ်းရမယ့်ကိစ္စ။ သူတို့ရင်ထဲမှာရှိတဲ့ ခံစားချက်ကို လူ တစ်ယောက်က ထုတ်ပြောခွင့်ရှိတယ်။ ဒါကို တပ်မတော်ကို ဖြိုခွဲသလိုလို၊ တပ်မတော်ရဲ့သစ္စာကို မစောင့် ထိန်းသလိုမျိုးစွပ်စွဲပြီး နှစ်ရှည်ထောင်ဒဏ်တွေချတာဟာ မတရားဘူး” ဟု ဦးဘိုကြည်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားအဖြစ် စိစစ်ရန် တင်ပြထားသူများဖြစ်သည့် အင်းစိန်ထောင်မှ ချစ်ကိုသည် မြိတ်လေတပ်စခန်းဌာနချုပ်တွင် လေသူရဲတာဝန် ထမ်းဆောင်နေစဉ် တပ်မတော်မှ ထွက်ခွင့်ရရှိအောင် မည်သို့ အကူအညီပေးနိုင်မည်ကို အီးမေးလ်ဖြင့် အိုင်အယ်လ်အိုအဖွဲ့သို့ မေးမြန်းမှုကြောင့် ပြစ်ဒဏ် ၁ဝ နှစ် ကျခံခဲ့ရခြင်းဖြစ်ကြောင်း၊ အင်းစိန်ထောင်မှ မင်းသိမ်းထွဏ်းသည် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ်တွင် စက်မှု/လက်မှု အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်စဉ် အင်တာနက်တွင်ပါရှိသည့် တပ်မတော်လေဆိုင်ရာ အကြောင်းအရာ ကိစ္စရပ်များအား မသက်ဆိုင်သူများထံသို့ ပြောဆိုမှုဖြင့် ပြစ်ဒဏ်ခုနစ်နှစ် ကျခံနေရခြင်းဖြစ်ကြောင်း၊ အင်းစိန်ထောင်မှ နေလင်းဒွေးသည်လည်း မြိတ်လေတပ်စခန်း ဌာနချုပ်တွင် လက်နက်အရာရှိအဖြစ် တာဝန်ထမ်းဆောင်စဉ် အင်တာနက်တွင် ၎င်းအဆင့်မတိုးရသည့် အကြောင်း ဆောင်းပါးနှင့် တပ်မတော်မှ အခြားအဆင့် စစ်သည်များ၏ အုပ်ချုပ်ရေး၊ စားဝတ်နေရေး အခက်အခဲ များအား ဝက်ဘ်ဆိုက်မှ လွှင့်တင်မှုဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ကျခံနေရခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တစ်ယောက်ယောက် အဖမ်းခံရပြီဆိုရင် သူ့မိသားစုဝင်တွေကလည်း အနိမ့်ဆုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိတယ်။ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်တာတွေရှိတယ်။ အနိမ့်ဆုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီဆိုရင် အခြားရုပ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဘဝတွေပါ အများကြီး ယုတ်လျော့သွားတာ ရှိတယ်” ဟု ဦးဘိုကြည်က ဆိုသည်။

AAPP နှင့် FPPS တို့ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလက နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခဲ့သော လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ တွင် အခြားသော ကော်မတီဝင်များနှင့်အတူ အပြုသဘောဆောင်၍ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အစိုးရဘက်မှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

နိုင်ငံရေးအကျဉ်းသားအဖြစ် စိစစ်ရန် တင်ပြထားသူများ၏ အခြားပြစ်ဒဏ်များသည် နိုင်ငံရေးအရ ဆက်စပ် ၍ စွပ်စွဲခံထားရခြင်း၊ ကြီးလေးသောပြစ်ဒဏ်များကို ချမှတ်ခံထားရခြင်း၊ အမှန်တကယ် မကျူးလွန်သော ပြစ်မှုများရှိနေခြင်း၊ လွတ်လပ်မျှတစွာ တရားစီရင်ခံရမှုမရှိခြင်း စသည်တို့ကို လေ့လာတွေ့ရှိခဲ့သည်ဟု လည်း AAPP နှင့် FPPS တို့၏ ပူးပေါင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AAPP နှင့် FPPS အဖွဲ့များအနေဖြင့် အစိုးရသတင်းစာ၏ ထုတ်ပြန်ချက်ပါ ၂၇ ဦးအား နိုင်ငံရေး အကျဉ်းသားအဖြစ် ဆက်လက်အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အား နိုင်ငံရေးအကျဉ်းသားများ အဖြစ် အသိအမှတ်ပြုပြီး အမြန်ဆုံးလွှတ်ပေးရန်လည်း ထပ်မံ၍ အလေးအနက်တောင်းဆိုကြောင်း ကြေညာခဲ့သည်။

Eleven Media Group

No comments:

Post a Comment