Wednesday 5 November 2014

ရန်ကုန်မြို့အတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးမှုတိုးမြှင့်


အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီက တာမွေမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းသူများအား စစ်ဆေးနေ သည် ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ရန်ကုန်မြို့အတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားလာမှုကြောင့် မှုခင်းကျဆင်းစေရန်နှင့် ကြိုတင်ကာကွယ်ရန်အတွက် ဆိုင်ကယ်စီးနင်း သွားလာနေသူများကို ထိရောက်စွာ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ နိုဝင်ဘာ ၄ ရက်တွင် သိရသည်။


ရန်ကုန်မြို့အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ကန့်သတ်ထားသော်လည်း ညပိုင်းအချိန်များတွင် ဆိုင်ကယ်ဖြင့် သွားလာမှုများ ပိုမိုတွေ့ရှိနေရသည်။

“ယာဉ်ထိန်း၊ စည်ပင်၊ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ စည်းကမ်းမဲ့မော်တော် ဆိုင်ကယ်တွေ၊ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူနေတာ ကြာပါပြီ။ ဆိုင်ကယ်နဲ့ လုယက်မှုဖြစ် စဉ် တွေ ဖြစ်လာတဲ့အတွက် ပိုပြီးတော့ ဖမ်းဆီးမှုတွေ ပိုလုပ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုရဲမှူးပြည့်စုံက နိုဝင်ဘာ ၄ ရက်ကဆိုသည်။

ရန်ကုန်မြို့အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို စည်ပင်၊ ယာဉ်ထိန်း၊ သံရုံး၊ လျှပ်စစ် စသည့်ဌာနများရှိ ၀န်ထမ်း အချို့ကိုသာ စီးနင်းခွင့်ပြုထားကြောင်း သိရသည်။


အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီက တာမွေမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းသူများကို လိုက်လံဖမ်းဆီး စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

“အခုဆိုင်ကယ်တွေကို စီမံချက်နဲ့ ဖမ်းဆီးအရေးယူနေတယ်။ ကျွန်တော့် တာမွေမြို့နယ်မှာဆိုရင် ၁၉၂ စီးကို ဖမ်းဆီးအရေးယူပြီးသွားပြီ။ တာမွေမြို့နယ်မှာ လိုင်းကားတွေ အငှားယာဉ်တွေ အသွားအလာ များတယ်။ အဲဒီအခါမှာ ယာဉ်နဲ့ဆိုင်ကယ်တွေ တိုက်မှုတွေဖြစ်တယ်။ ဆိုင်ကယ်နဲ့ လုယက်မှုတွေဖြစ်တယ်။ ဆိုင်ကယ်နဲ့ လူတိုက်မှုတွေဖြစ်တယ်။ ဒါတွေကို လျော့ကျ၊ မဖြစ်ပွားဖို့အတွက် ဆိုင်ကယ်စီးနင်း သွားလာ နေတဲ့ သူတွေကို စီမံချက်ရေးဆွဲပြီးတော့ ဖမ်းဆီးအရေးယူနေတာ ဖြစ်ပါတယ်။ ပိုင်ရှင်ရှိပြီးတော့ ဖမ်းဆီး ရမိတဲ့ လိုင်စင်မဲ့ ၅၅ မှုကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အရေးယူထားပါတယ်” ဟု တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်မြက ပြောကြားသည်။

ယင်းကဲ့သို့ ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးနေမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက “ကျွန်တော့်ခရိုင်မှာရှိတဲ့ မြို့နယ် ၁၄ မြို့နယ်လုံးမှာ ဖမ်းဆီးအရေးယူသွားမှာ ဖြစ်တယ်။ ကျွန်တော့်ရဲ့ခရိုင်မှာရှိတဲ့ မြို့နယ်အချို့မှာ ဆိုင်ကယ်စီးပြီးတော့ ပိုက်ဆံ တွေနဲ့ အခြားပစ္စည်းတွေ လုယက်ခံရတဲ့ဖြစ်စဉ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက်ရခြင်းဖြစ် တယ်” ဟုဆိုသည်။ ဆိုင်ကယ်ဖြင့် လုယက်မှုများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment