Saturday 13 September 2014

နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေး အင်အားစုများ ပူးပေါင်းပါဝင်ရေး NLD နှင့် ကြံ့ခိုင်ရေးပါတီထံ အကြံပြုချက် တောင်းခံမည်

ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ကော်မတီက နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး အင်အားစုများ ပူးပေါင်း ပါဝင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ထံ သဘောထား အကြံပြုချက် တောင်းခံမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးရဲနိုင်အောင်က ပြောကြားသည်။ 

ယင်းသို့ နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး အင်အားစုများ၏ အခန်းကဏ္ဍအပေါ် အကြံပြုချက်များကို စက်တင်ဘာလ တတိယပတ်အတွင်း တောင်းခံမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နိုင်ငံရေး အင်အားစုတွေက နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နိုင်မလဲပေါ့။ ဒါကလည်း ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်ထဲမှာ ပါတဲ့ အမျိုးသားအင်အားစု အားလုံး ပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရန်ဆိုတဲ့ အချက်အတိုင်းပါပဲ” ဟု ၎င်းကဆိုသည်။ NLD ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာမက အခြားနိုင်ငံရေး ပါတီများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ကော်မတီထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများက နိုင်ငံရေးဆွေးနွေးမှု မူဘောင် များ ချမှတ်နိုင်ရေးအတွက် သြဂုတ်လအတွင်း အလွတ်သဘော တွေ့ဆုံထားသည်။ ထို့အပြင် နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေးပါတီများဘက်မှ ဘုံသဘော တူညီထားသော မူဘောင်တစ်ရပ် ဖြစ်ပေါ်လာရေး အတွက် နိုင်ငံရေးပါတီများ အားလုံးက စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် နှစ်ရက်တိုင် ဆွေးနွေး ညှိနှိုင်းမည် ဖြစ်သည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သော ရှစ်လေးလုံး ငွေရတု အခမ်းအနားတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ဖော်ဆောင် ပေးနိုင်ခြင်း မရှိသောကြောင့် အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစု အားလုံး ပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်ကြောင်း ငွေရတု ကြေညာစာတမ်းတွင် ပါရှိသည်။

The Voice Weekly

No comments:

Post a Comment