Saturday 13 September 2014

မျက်စိအထူးကုဆေးရုံတွင် ဆေးကုနေသူ အမျိုးသား ဆေးရုံ တံခါးမှန်ချပ်များကို ရိုက်ခွဲ

တာမွေမြို့နယ် နတ်မောက်လမ်းရှိ မျက်စိရောဂါ အထူးကုဆေးရုံကြီးတွင် စက်တင်ဘာလ ၁၀ ရက် နံနက် ၅ နာရီခန့်က ဆေးရုံတက်ရောက် ကုသနေသူ အသက် ၃၈ နှစ်အရွယ် မျက်စိဝေဒနာရှင် အမျိုးသားတစ်ဦးက ဆေးရုံရှိ တံခါးမှန်ချပ်များကို ရိုက်ခွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
မွန်ပြည်နယ် ပေါင်မြို့ အလတ်ကျေးရွာတွင် နေထိုင်သူ မျက်စိဝေဒနာရှင် အမျိုးသားမှာ ယင်းနေ့ နံနက်ပိုင်း က ဆေးရုံကြီး ပြင်ပလူနာဌာန အနောက်ဘက်ခြမ်းရှိ နှစ်ထပ်အဆောက်အအုံ အောက်ထပ်ရှိ ပြတင်း ပေါက်မှ မှန်များကို တုတ်ဖြင့် ရိုက်ခွဲနေသောကြောင့် ဆေးရုံရှိ ဝန်ထမ်းများက ဖမ်းဆီးကာ ရဲစခန်းသို့ သတင်း ပေး တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ပြင်ပလူနာဌာနမှ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

“မျက်စိတိမ်ဖြစ်နေလို့ ဆေးရုံလာပြတာ။ အရက်မသောက်ရတော့ အရက်ကြောင်ပြီး စိတ်ဖောက်ပြန်ရာက မှန်တံခါးတွေ ရိုက်ခွဲနေတာကို ဘေးလူတွေကမြင်လို့ ဝန်ထမ်းတွေဆီ အကြောင်းကြားပြီး ရဲခေါ်ဖမ်းခိုင်းခဲ့ တာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ အရက်ကြောင်ရာမှ မှန်တံခါးများ ရိုက်ခွဲခဲ့သောကြောင့် ဆေးရုံရှိ မှန်တံခါး ကိုးချပ် ပျက်စီးဆုံးရှုံးခဲ့ပြီး ရိုက်ခွဲသူ အမျိုးသားကို တာမွေ မြို့မရဲစခန်းက (ပ) ၅၃၆/၁၄၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment