Saturday 13 September 2014

ဓမ္မစေတီခေါင်းလောင်းကို ကိုယ်တိုင်သုံးကြိမ် ရှာဖွေခဲ့သော်လည်း သင်္ဘောပျက်ကိုသာ နှစ်ကြိမ်တွေ့ရှိဟု ရေငုပ်အဖွဲ့ခေါင်းဆောင် ပြောကြား

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူ အသက် ၆၆ နှစ်ကျော် အရွယ်ရှိသော ဓမ္မစေတီခေါင်းလောင်း ရေငုပ်အဖွဲ့ခေါင်းဆောင် အဘဦးသန်းညွန့် (ခေါ်) ဦးညွန့်အား ထိုခေါင်းလောင်းကို စတင်ရှာဖွေရန် ဦးစံလင်းက ၁၉၉၇ ခုနှစ်မှစကာ ရေငုပ်သမားအဖြစ် စတင် အသုံးပြုခဲ့ သည်မှာ ယခုအကြိမ်အပါအဝင် သုံးကြိမ်တိုင် ရှိပြီဖြစ်ပြီး ရှာဖွေစဉ် ကာလတစ်လျှောက်အတွင်း ခိုင်မာ သော အထောက်အထား တစ်စုံတစ်ရာ တွေ့ရှိခြင်း မရှိဘဲ သင်္ဘောပျက်ကိုသာ နှစ်ကြိမ်တွေ့ရှိခဲ့ရ ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

ထိုဓမ္မစေတီခေါင်းလောင်းအား ၁၉၉၇ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၉ ခုနှစ်တွင် တစ်ကြိမ်အဖြစ် သုံးကြိမ်ဆက်တိုက် ရှာဖွေခြင်းကို ဦးစံလင်းက ဆောင်ရွက်ခဲ့ပြီးနောက် ၁၅ နှစ်ခန့် အကြာ တွင် လေးကြိမ်မြောက်ထပ်မံ ရှာဖွေခြင်းဖြစ်ပြီး အစောဆုံးရှာဖွေစဉ်ကာလ၌ ယင်းခေါင်းလောင်းနှင့် အတူ ရတနာသေတ္တာများနှင့် ရွှေဆင်းတုတော်များ ပါဝင်သည်ဟု ပြောကြားဖူးပြီး ရရှိလာသော ပစ္စည်း များကို သာသနာအတွက် အသုံးပြုရန် ရှာဖွေခြင်းဖြစ်၍ ကုသိုလ်ပါဝင်ကာ အခကြေးငွေ မယူဘဲ မိမိ ကိုယ်တိုင် ရေငုပ်ရှာဖွေပေးခဲ့ကြောင်း သိရသည်။

“လေးကြိမ်။ အတိအကျပေါ့။ ပထမ ၉၇ နှစ်ကတစ်ကြိမ်၊ ၉၈ မှာတစ်ကြိမ်၊ ၉၉ မှာ အဘသားကို ထည့်လိုက် တယ်။ အဘ မလိုက်တော့ဘူး။ မရလဲ မရဘူးဆိုတော့။ ဒါပေမဲ့ အဘအဖွဲ့ပဲ။ အဘသားတွေ ပါသွားတယ်။ အခု ၁၄ မှာ တစ်ခါ။ ၉၉ မှာ အဘသားအရင်း။ အခုငုပ်တဲ့နေရာမှာ မဟုတ်ဘူး။ နည်းနည်းအပေါ်တက်တယ်။ အရင်တုန်းကငုပ်တာက သဲပြင်ကြီး နုန်းမဟုတ်တော့ဘူး။ အခုဟာက နုန်းဖြစ်သွားပြီ။ ၉၈-မှာ သင်္ဘောပျက် တစ်စင်းတွေ့တယ်။ ၉၇-မှာ မတွေ့ရ။ အဘတစ်ယောက် တည်းပဲသွားတယ်။ အဘ တစ်ယောက်နဲ့ ရန်ကုန် သာကေတက အဖွဲ့နဲ့ ပေါင်းတယ်။ သိပ်တော့မကြာဘူး။ တစ်လဝန်းကျင်လောက် စမ်းသပ်ရုံပဲ ရှိတယ်လေ။ ၉၈-မှာ တစ်လကြာတယ်။ ၉၉- မှာလည်း တစ်လပဲ။ ရေကတော့ အတိမ်အနက် အတူတူပဲ။ သုံးလန် လောက်ပဲ ရှိတယ်။ အခုက နည်းနည်း သုံးလန်လေးလန်လောက် ရေကြောင်းထဲ ရောက်သွားတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။ အစက အဘတို့က နည်းနည်း အပေါ်နားငုပ်တယ်။ အခုက အောက်ကိုဆင်းသွားတော့ နုန်းတွေဖြစ်သွားလား မသိဘူး။ အခြားနေရာလည်း သွားငုပ်လို့မရဘူးလေ။ အရင်က သူ့တစ်ယောက်တည်း အကုန်ခံတယ်။ သူ့ပိုက်ဆံနဲ့သူပေါ့။ အခုကသူတစ်ယောက်တည်း မဟုတ်တော့ အားတက်သရော ဖြစ်သွားတယ်။ ယုံကြည်မှု များသွားတယ်။ စိတ်သန်သွားတာပေါ့လေ။ ရေအဆုံးမှာ ခေါင်းလောင်းကြီး ရှိတယ်ပေါ့လေ။ အဘတို့က တစ်ခါမှလဲမကြားဖူးဘူး။ ခေါင်းလောင်းရှိတယ်လို့သူက လာပြောတယ်။ လာပြောတော့လည်း လိုက်သွားတာပေါ့လေ။ ခေါင်းလောင်းသွားစမ်းမယ်လို့။ ၉၈-ကျတော့လည်း အဲဒီအတိုင်းပဲ။ သူတို့ပြောထားတဲ့ စကားတွေပေါ့လေ။ သေတ္တာတွေပါမယ်။ ဆင်းတုတော်တွေပါတယ်။ ဓမ္မစေတီပါတယ်။ ဓမ္မစေတီခေါင်းလောင်းနဲ့ အတူပါတဲ့ သေတ္တာတွေထဲမှာ ရွှေတွေ၊ ငွေတွေ၊ ပတ္တမြားတွေပါတယ်ဆိုလဲ အဘတို့ကလေ သာသနာပြုဖို့ သက်သက်ဆိုတော့ ကိုယ်ရေးကိုယ်တာ မရှိရပေါ့” ဟု ခေါင်းလောင်းအား သုံးကြိမ်တိုင် ကိုယ်တိုင်ရေငုပ် ရှာဖွေခဲ့သော အဘဦးသန်းညွန့်က ပြောကြားသည်။ ထို့ပြင် ဦးသန်းညွန့်က ၎င်းတို့အဖွဲ့ရှာဖွေစဉ် ကာလတစ်လျှောက်၌ ခေါင်းလောင်းတွေ့ရှိခြင်း အလျင်းမရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာ တွေ့ရှိကြောင်း၊ လက်ရှိသဲစုပ်သင်္ဘောဖြင့် သဲစုပ်နေသည်မှာ ခေါင်းလောင်းတွေ့ရှိသဖြင့် သဲစုပ်နေခြင်း မဟုတ်ကြောင်းနှင့် မိမိတို့သည် ဆလုံလူမျိုးများ မဟုတ်ကြောင်းလည်း ပြောကြားထားသည်။

 Eleven Media Group 

No comments:

Post a Comment