Saturday 13 September 2014

သတ္တုလုပ်ငန်းသုံး ကားများ အသုံးမပြုနိုင်ရန် ဘော်ဆိုင်းဒေသခံတို့ ရွာလယ်လမ်းပိတ်ထား

ခဲသတ္တု တူးဖော်ရေး ကုမ္ပဏီတို့၏ လုပ်ငန်းသုံးကားများ သွားလာခြင်းကြောင့် ဘော်ဆိုင်းကျေးရွာအုပ်စု တံတားကန် ကျေးရွာအတွင်းရှိ သောက်သုံးရေကန် ပျက်စီးစေသဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ ဒေသခံ တို့က လမ်းကိုပိတ်ဆို့ထားလိုက်သည်ဟု ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်းချုပ် ဥက္ကဋ္ဌ ဦးစိုးအောင်က မဇ္ဈိမကို ပြောသည်။

သုံးလအတွင်း ရွာရှောင်လမ်း ဖောက်လုပ်အသုံးပြုမည်ဟု လွန်ခဲ့သော သုံးလကျော်က အစိုးရအဖွဲ့နှင့် အုပ် ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတို့ရှေ့တွင် ကုမ္ပဏီတို့က ကတိပြုခဲ့သော်လည်း ယနေ့တိုင် အကောင်အထည် မဖော်ခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်သည် ဟုဆိုသည်။

သတ္တုလုပ်ငန်းသုံးကားများ သွားလာရန် ကုမ္ပဏီတို့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်းရှိ တံတားကန်ကျေးရွာ သုံးရေကန်ကို ဖြတ်၍ လမ်းဖောက်လုပ်ထားခြင်းကို ဒေသခံတို့က ကန့်ကွက်နေခြင်း ဖြစ်သည်။

“လမ်းဖောက်လိုက်တဲ့အခါ ရွာရေကန်နှစ်ခြမ်းကွဲသွားတယ်။ တောင်ဘက်ကန်ရေ အနည်းငယ်သာ ရှိပြီးတော့ မြောက်ဘက်ကန်က ရေလုံးဝခန်းသွားတယ်။ သတ္တုတူးဖော်တဲ့အတွက်ကြောင့် ခဲဆိပ်သင့်မှာ စိုးလို့ ဒီရေတွေကို ရွာသားတွေက မသုံးရဲတော့ဘူး ဖြစ်နေတယ်” ဟု ဦးစိုးအောင်က ပြောသည်။

ကားများ ဖြတ်သန်းမှုကြောင့် သောက်သုံးရေကန်ပျက်စီးခြင်း၊ စိုက်ပျိုးထားသည့် သနပ်ဖက်ပင်များ ပျက်စီး ခြင်းများရှိသည်ဟုလည်း တံတားကန်ကျေးရွာသား ကိုမောင်ဇော်က ပြောသည်။

“တစ်နေ့ သတ္တုတင်ကားအစီး ၁၀၀ လောက် ဖြတ်တယ်” ဟု အခြားသော ဒေသခံတစ်ဦးက ပြောသည်။ ယင်းဒေသတွင် လုပ်ငန်းလုပ်ကိုင်နေသည့် Top Ten Star သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးကျော်စိုးကမူ ညှိနှိုင်းလိုသည်ဟု ပြောသည်။

“တအားပြင်းပြင်းထန်ထန် ဖြစ်နေတာတော့မဟုတ်ဘူး။ ရွာလမ်းကို မဖြတ်ရဆိုတဲ့အခါ ဦးလေးတို့ကားက သွားလို့ မရတော့တဲ့ အနေထားရှိတယ်။ မသွားရင်လည်း မဖြစ်တဲ့အနေအထား ဖြစ်တယ်။ ညှိညှိနှိုင်းနှိုင်း ဖြစ်စေချင်တယ်” ဟု ၎င်းက ပြောသည်။

“ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအသင်းချုပ်၏ ပြောဆိုချက်အရမူ တရုတ်နိုင်ငံသားပိုင် ကောင်းသော အင်အားကြယ်ကုမ္ပဏီနှင့် Top Ten Star ကုမ္ပဏီတို့ ယင်းလမ်းကို အသုံးပြုနေသည်ဟု ပြောသည်။

သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်နိုင်ရေး EITI အဖွဲ့(ရှမ်းပြည်)၏ မှတ်တမ်းများ၌မူ ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်း ခဲသတ္တုတူးဖော်နေသည့် ကုမ္ပဏီ ၁၆ ခုရှိသည်ဟု ဖော်ပြထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment