Saturday 13 September 2014

စိုးရိမ်မှုနှင့် အိပ်မပျော်ခြင်းတို့ကို ကုသရာတွင်သုံးသော ဆေးဝါးများနှင့် အယ်လ်ဇိုင်မားရောဂါကြားဆက်နွယ်မှုရှိ

မွန်ထရီယယ်လ်−ဇရာကြိုရောဂါ (အယ်လ်ဇိုင်းမား) ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများခြင်းနှင့် စိုးရိမ်မှုနှင့် အိပ်မပျော်ခြင်းတို့ကို ကုသရာတွင်သုံးသော လူသိများသည့် ဆေးဝါးတစ်မျိုးဖြစ်သည့် ဘန်ဇိုဒီယာဇီဖိန်း ဆေးကြား ဆက်သွယ်မှုရှိကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ယင်းဆေးဝါးကို အထူးသဖြင့် ရေရှည်အသုံးပြုသူများနှင့် အယ်လ်ဇိုင်းမားရောဂါ အန္တရာယ်ပိုများခြင်းကြား အခိုင်အမာ ဆက်စပ်မှုရှိကြောင်း တွေ့ရှိရသည်ဟု အွန်လိုင်းဂျာနယ် The BJM တွင် ဖော်ပြထားသည်။

ယင်းဆေးဝါးကို သုံးလ (သို့မဟုတ်) ယင်းထက်ပို၍ သုံးစွဲသူများနှင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်သည့် အန္တရာယ် ပိုများလာခြင်းကြား အခိုင်အမာဆက်စပ်မှုရှိကြောင်း ပြင်သစ်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

လက်ရှိ ကမ္ဘာပေါ်တွင် လူပေါင်း ၃၆ သန်းကျော်သည် အယ်လ်ဇိုင်းမားရောဂါ၏ ပြဿနာများကို ဖြေရှင်းနေ ကြရသည်။ ယင်းအရေအတွက်မှာ ၂၀၅၀ ပြည့်နှစ်တွင် သုံးဆပိုများလာမည်ဟု ကျွမ်းကျင်သူများက မျှော်လင့် ထားသည်။

ဘန်ဇိုဒီယာဇီဖိန်း (benzodiazepines) ဆေးဝါးမှာ စိုးရိမ်ပူပန်မှု ဒဏ်ခံနေရသူများနှင့် အိပ်မပျော်နိုင်ဖြစ် နေသူများကို ကုသပေးရာတွင် အငြင်းပွားစရာမရှိလောက်အောင် အကျိုးအာနိသင်ကောင်းသော ဆေးဝါးဖြစ် သည်ဟု သိပ္ပံပညာရှင်များက ပြောကြားသော်လည်း ယင်းဆေးဝါးကို ကာလတိုသာ သုံးစွဲရန် ညွှန်ကြားထားပြီး သုံးလထက်ပို၍ မသုံးသင့်ကြောင်း ညွှန်ကြားထားသည်။

သို့သော် ယင်းဆေးဝါးကို သုံးလထက်ပို၍ အသုံးပြုသူများမှာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများပြီး အသက်အရွယ် ကြီးရင့်သူများအတွက် သင့်လျော်မှုမရှိဘဲ မလိုလားအပ်သော အသိဉာဏ်  ဆုံးရှုံးမှု ဆိုင်ရာ ဘေးထွက်ဆိုးကျိုးများနှင့် ဆက်နွှယ်နေကြောင်း သိရသည်။

Ref: UPI
7Day DAILY 

No comments:

Post a Comment