Wednesday 18 June 2014

မေမြတ်နိုး၏ မြန်မာနိုင်ငံက အနုပညာလုပ်ငန်းများကို Style Plus H အေဂျင်စီက တာဝန်မယူပဲ မိခင်ဖြစ်သူက မန်နေဂျာအဖြစ် ဆောင်ရွက်

Miss Asia Pacific World 2014   အလှမယ်ဆု အပါအဝင် Popularity Award နှင့် Missosolgists Choice Award ဆု တို့ကို ရရှိခဲ့သည့် အလှမယ် မေမြတ်နိုးနှင့် ပတ်သက်သည့် မြန်မာနိုင်ငံက အနုပညာကိစ္စရပ်များ အားလုံးကို ၎င်း၏ အေဂျင်စီမှ တာဝန်ယူ ဆောင်ရွက် ခြင်းမပြုပဲ မိခင်ဖြစ်သူကသာ ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု Style Plus H သင်တန်းကျောင်း တည်ထောင်သူ မလှနုထွန်း က မဇ္ဈိမကိုပြောသည်။

 Style Plus H သင်တန်းကျောင်း နှင့် မေမြတ်နိုးသည် သုံးနှစ် စာချုပ် ချုပ်ဆို ထားသော်လည်း မြန်မာနိုင်ငံ တွင် ပြုလုပ်သည့် မေမြတ်နိုး၏ အနုပညာ ကိစ္စရပ်များကို အေဂျင်စီမှ တာဝန်ယူ ဆောင်ရွက်ခြင်းမပြုဘဲ မေမြတ်နိုး၏ မိခင်ထံသို့ လွှဲပြောင်း ပေးအပ် လိုက်ခြင်းဖြစ်သည်။

" မြန်မာနိုင်ငံမှာ သူလုပ်တဲ့ အနုပညာကိစ္စတွေကို လှနုတို့ က သူ့ကို လွတ်လပ်ခွင့် ပြုလိုက်တာပါ။ စာချုပ် ဖျက်တာ မဟုတ်ပါဘူး။ စာချုပ်က သုံးနှစ် စာချုပ် ရှိပြီးသားပါ။ အရင် က သူ Miss ပြိုင်မှာ ဆိုတော့ လှနုတို့က သူ့ကို စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာကအစ ဂရုစိုက်ပေးရတယ်။ ခုသူ က Miss လည်း ရပြီဆိုတော့ အစ်မတို့က သူ့ကို အသေးစိတ် ဂရုစိုက်စရာ မလိုတော့ဘူးလေ။ အဲဒါကြောင့် သူ့ရဲ့ အနုပညာကိစ္စတွေကို သူ့မေမေနဲ့ လွှဲပေးလိုက်တာပါ။ လွှဲပေးလိုက်တဲ့ ကိစ္စတွေ ထဲမှာ အနုပညာကြေး ကိစ္စတွေကအစ လှနုတို့က ဝင်မပြောတော့တာပါ" ဟု Style Plus H အေဂျင်စီတည်ထောင်သူ မလှနုထွန်း ကပြောသည်။

မေမြတ်နိုးကို ၎င်း၏ မိခင်ထံသို့ လွှဲပြောင်း ပေးလိုက်သော်လည်း လှနုထွန်းသည် မေမြတ်နိုး၏ နေရှင်နယ် ဒါရိုက်တာအဖြစ် တည်ရှိနေဆဲဖြစ်ပြီး မေမြတ်နိုး ရလာမည့် အနုပညာကြေးများထဲမှ သုံးဆယ် ရာခိုင်နှုန်းကို Style Plus H အေဂျင်စီသို့ စာချုပ်သက်တမ်း သုံးနှစ် ကာလအတွင်း ပေးသွင်းရမည်ဖြစ်သည်။

ယင်းအပြင် အလှမယ်မေမြတ်နိုး၏ အနုပညာ လှုပ်ရှားမှုများနှင့် ပက်သက်ပြီး ရရှိလက်ခံထားသည့် အနုပညာကြေးများကို မေမြတ်နိုး တို့ဘက်မှ အကြောင်းကြား ပြောဆိုရခြင်းဖြစ်သည်။

မေမြတ်နိုးကို ၎င်း၏ မိခင်ထံသို့ လွှဲပြောင်းပေးခြင်းသည် Style Plus H သင်တန်းကျောင်းမှ လုံးဝတာဝန်မယူချင်၍ မဟုတ်ဘဲ တာဝန် ခွဲဝေယူစေခြင်းမျိုးသာဖြစ်သည်ဟု မလှနုထွန်းကပြောသည်။ မေမြတ်နိုး၏ Miss ကိစ္စရပ်များနှင့် ပတ်သက်လာပါက သင်တန်းကျောင်းမှ တာဝန်ယူသွားမည်ဖြစ်သည်။

" တာဝန်ယူတယ်၊ မယူဘူးဆိုတာ အေဂျင်စီက ဆုံးဖြတ်တာပါ။ သမီးရဲ့ သဘောဆန္ဒ တစ်ခုမှ မပါပါဘူး၊ အခုကလည်း အကုန်လုံး စွန့်လွှတ်လိုက်တာ မဟုတ်ဘူးလ။ မြတ်နိုးရဲ့ Miss ကိစ္စတွေနဲ့ ပတ်သက် လာရင်တော့ မြတ်နိုးအေဂျင်စီက ပဲ အကုန် တာဝန်ယူမှာပါ။ ရန်ကုန်မှာ မြန်မာနိုင်ငံမှာ လုပ်တဲ့ မြတ်နိုးရဲ့ အနုပညာ ကိစ္စတွေကိုပဲ မြတ်နိုးရဲ့မေမေ ကို မြတ်နိုးရဲ့ အေဂျင်စီက လက်လွှဲပေးလိုက်တာပါ"ဟု မေမြတ်နိုးက မဇ္ဈိမ ကိုပြောသည်။

အလှမယ် မေမြတ်နိုး၏ မိခင်ဖြစ်သူသည် ကိုရီးယားနိုင်ငံမှ ဇွန်၆ရက်တွင် ပြန်လည်ရောက်ရှိလာပြီး နောက်ပိုင်းတွင် မန္တလေးရွှေနဂါးရွှေဆိုင် ရိုက်ကူးချိန်က စတင်ပြီး ၎င်း၏ မန်နေဂျာအဖြစ် လုပ်ကိုင်လာခြင်းဖြစ်သည်။ Style Plus H သင်တန်းကျောင်း နှင့် ၎င်းအလှမယ်ဆု ရရှိပြီးသည့်နောက်ပိုင်းမှ စတင်ကာ အနုပညာ လုပ်ငန်းများမှ ရရှိလာသည့် အနုပညာကြေး သုံးဆယ် ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ခြင်းကြောင့် စာချုပ်ဖောက်ဖျက်ပါက မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် စာချုပ်တွင်လည်း ယင်းအကြောင်းအရာများ မပါဝင်ဟု Style Plus H သင်တန်းကျောင်း က မလှနုထွန်းကပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment