Wednesday 18 June 2014

ချောင်းသာကမ်းခြေရှိ တပ်သိမ်း အုန်းခြံမြေ မူလပိုင်ရှင်များ တရားစွဲဆိုခံနေရ

ယခင်အစိုးရ လက်ထက်က အနောက်တောင်တိုင်း ဒေသကြီး စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များမှ သိမ်းယူထားသော လယ်ယာမြေ နှင့် အခြားမြေများ နှင့် ပတ်သက်၍ မူလ ပိုင်ဆိုင်ခဲ့သော သူများမှာ ပုသိမ်မြို့နယ် တရားရုံးတွင် ပုဒ်မ (၄၄၇)ဖြင့် တရားစွဲဆိုခံနေရကြောင်း သိရသည်။

အနောက်တောင်တိုင်း ဒေသကြီး စစ်ဌာနချုပ် မှ ဒုတိယ ဗိုလ်မှူးကြီး သက်ထွန်း၊ စစ်ဦးစီး (ပထမတန်း) ထောက်ဌာနက တပ်မတော်ပိုင် အုန်းခြံ (၃၃ ဒဿမ ၉၆) ဧကပေါ်တွင် မူလပိုင်ရှင် ဒေါ်သန်းအုန်း အပါအ၀င် (၁၄) ဦးတို့က ကျူးကျော်၍ ခြံစည်းရိုးများ ၀င်ရောက် ကာရံခဲ့ သဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ပေးရန် မြေပိုင်ဆိုင်ကြောင်း အထောက်အထားများ ပြ၍ တိုင်ကြားလာသဖြင့် (ပ) ၅၉/၂၀၁၂ ပြစ်မှု ပုဒ်မ ၄၄၇ ဖြင့်ချောင်းသာ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးကာ ၂၀၁၄ ဧပြီလ ပထမပတ် အတွင်းက စတင်၍ ပုသိမ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုစွဲနေခြင်း ဖြစ်ကြောင်း၊ ပုသိမ်ခရိုင် တရားရုံးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

ကျွန်မတို့ရဲ့အုန်းခြံမြေကို ၁၉၉၆ ခုနစ်က သိမ်းသွားတာပါ။ အုန်းပင်တစ်ပင်ကို (၃၀၀) ကျပ်နှုန်းနဲ့ အဓမ္မပေးတယ်။ အိမ်တွေကို မဖယ်ပေးရင် ဘူဒိုဇာနဲ့ ထိုးမယ်ဆိုပြီး၊ အဓမ္မ ခြိမ်းခြောက်လို့ အိမ်အလုံး (၃၀) လောက် ဖျက်ပေးလိုက် ရတယ်။ ဒီမြေပေါ်မှာ ဘိုးဘွားစဉ်ဆက် နေလာ ခဲ့တာ နှစ်ပေါင်း (၁၀၀) ကျော်လာခဲ့ပါပြီ။ ကျွန်မတို့မြေတွေ အကုန်ပြန်မရရင်တောင် နေထိုင်စားသောက် လုပ်ကိုင်ဖို့ အတွက် သူတို့ အသုံးမပြုဘဲ ဖယ်ထားတဲ့ သိမ်းထားမြေတွေ ထဲက ပြန်လိုချင်ပါတယ် ဟုချောင်းသာကျေးရွာမှ ဒေါ်တင်တင်မြင့်က ပြောသည်။

တပ်မတော်နှင့် သက်ဆိုင်သော သိမ်းဆည်းမြေများ ပြန်လည် အပ်နှံမည့်ကိစ္စ ညွှန်ကြားစာတွင် လက်ရှိ တရားစွဲဆိုခံနေရသော ချောင်းသာ ကမ်းခြေရှိ အုန်းခြံ (၄၀ ဒသမ ၅) ဧကပါ ရှိကြောင်း၊ သို့သော် အဆိုပါ ချောင်းသာ ကမ်းခြေရှိ သိမ်းဆည်းခဲ့သော အုန်းခြံ ဥယျာဉ်ခြံမြေ ဧက (၄၀) နီးပါးနှင့် မြေယာ တော်တော်များများကို တပ်မတော်မှ ဟိုတယ်လုပ်ငန်းရှင်များကိုပြန်လည်ရောင်းချခဲ့ သဖြင့် မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခြင်း မရှိသောမြေ (၁၅) ဧကခန့် ကိုသာ ပြန်လည်ရရှိ လိုကြောင်း မူလ ပိုင်ရှင်များက ဆိုသည်။

ရွှေသောင်ယံမြို့နယ်ခွဲ ချောင်းသာဒေသမှာ သိမ်းထားတဲ့မြေတွေကို ပြန်ပေးဖို့ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီး ဆွေးနွေးပြီး ဖြစ်ပါတယ်။ စစ်တပ်၊ နိုင်ငံတော်၊ စက်မှုဇုန် စီမံကိန်း၊ စီးပွားရေး လုပ်ငန်းရှင် စသည်ဖြင့် ဘယ်သူတွေ ဘယ်လိုပဲ သိမ်းသိမ်း အဆောက်အအုံ မရှိရင် မူလပိုင်ရှင်ကို ပြန်ပေးဖို့နဲ့ အဆောက်အအုံ ရှိရင် ဒေသရဲ့ကာလ ပေါက်ဈေး နဲ့ ပြန်ပေးဖို့ ဆွေးနွေးဖြစ် ပါတယ်။ အဓိကတော့ တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ် ဟု ပုသိမ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များမှ သိမ်းယူထားသော လယ်ယာမြေနှင့် အခြားမြေကို ပြန်လည် ပေးအပ်ရန် ညွှန်ကြားထားပြီးဖြစ်သော်လည်း စစ်တပ်မှ သိမ်းယူခဲ့သည် အုန်းခြံမြေ များကို ယနေ့တိုင် ပြန်လည်ပေးအပ်ခြင်းမရှိသေးဘဲ တရားရင်ဆိုင် နေရခြင်း လည်း ဖြစ်သည်။

Messenger News Journal 

No comments:

Post a Comment