Wednesday 18 June 2014

ရွှေတောင်ချည်မျှင် စက်ရုံက သိမ်းယူထားသော လယ်ယာမြေအချို့ တောင်သူများသို့ ပြန်ပေး

ပြည်− ရွှေတောင်မြို့နယ်အတွင်း ချည်မျှင်နှင့် အထည်စက်ရုံတည်ဆောက်မှုမှ ပိုလျှံသော လယ်ယာမြေ များကို တောင်သူများထံသို့ ဇွန်လ ၁၇ ရက် နံနက်တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လယ်ယာမြေများ ပြန်လည်ပေးအပ်ခြင်း အခမ်း အနားတွင် ပြည်ခရိုင်အုပ်ချုပ်ရေး မှူး ဦးတင်မောင်ဝင်းက ‘‘ယခင်က စားကျက်မြေ၊ မြေလွတ်မြေရိုင်း၊ ယာမြေစတဲ့ မြေအမျိုးမျိုးကို သိမ်းခဲ့တယ်။ အခုအသုံးမပြုတဲ့မြေ တွေ၊ တပ်ကသိမ်းတဲ့ မြေတွေကို မူလတောင်သူတွေထံ စိစစ်ပြီး ပြန်ပေးတယ်။ အခုရွှေတောင် ချည်မျှင်က စွန့်လွှတ်တဲ့မြေတွေ ကို ပြန်ပေးတယ်။ ပြည်ခရိုင်အ တွင်းမှာ ပြန်လည်ပေးအပ်နိုင်မယ့် မြေဧက ၁၈၀၀ ကျော်ရှိတယ်။ ဇွန်လကုန်အပြီး ပြန်ပေးနိုင်ဖို့ ညွှန်ကြားချက်ရှိပါတယ်’’ ဟု ပြောသည်။

 ရွှေတောင် ချည်မျှင်နှင့် အထည်စက်ရုံမှ စွန့်လွှတ်ပြီး ပြန်ပေးသည့်မြေဧက ၄၀ ဒသမ ၅ ဧကဖြစ်ပြီး နွားမယံကျေးရွာ၊ ပုတ်တန်းကျေးရွာ၊ လေးကျွန်း ဆီးမီးကျေးရွာ၊ ဖိုးသိန်းတန်ကျေး ရွာ၊ လက်ဝဲတွင်းကျေးရွာ၊ ပေါင်း တည်လမ်းအစရှိသော ရွာများမှ တောင်သူလယ်သမား ၁၉ ဦး ပြန်လည်ရရှိခဲ့ကြောင်း သိရ သည်။

 ‘‘အဲဒီ ပိုလျှံမြေတွေက တောင် သူ ၆၀ လောက်ပိုင်တဲ့ မြေတွေ ပါ။ အခု ၁၉ ဦးပဲရတယ်။ စက်ရုံက စွန့်လွှတ်တယ်ဆိုပြီး ဧက ၄၀ ဒသမ ၅ ပြန်ပေးတယ်။ လုပ်စား ကိုင်စားမြေက ၃၆ ဒသမ ၅ ဧက ပဲပါတယ်။ သုသာန်မြေ၊ စားကျက်မြေတွေနဲ့ တွဲပေးတာ။ တကယ်ဆို ပိုလျှံတဲ့ မြေတွေကို  တောင်သူတွေကို ပြန်ပေးသင့် တယ်။ ကျွန်တော်က လယ်မြေ ပြန်ရတဲ့အထဲမှာ ပါတယ်။ ဒါပေမဲ့ မရတဲ့ တောင်သူတွေအ တွက် တစ်ကိုယ်ကောင်း မဆန် ဘူး။ ပိုလျှံတဲ့ မြေတွေပြန်ရဖို့ ဆက်လက်ဆောင်ရွက်သွားမယ်’’ ဟု လယ်မြေ ၂ ဒသမ ၃၇ ဧက ပြန်လည်ရရှိသော လေးကျွန်း ဆီးမီးကျေးရွာမှ ဦးတင်အောင်က ပြောသည်။

‘‘တောင်သူတွေ အနေနဲ့ စက်ရုံက စွန့်လွှတ်ပြီး ပြန်ပေးတဲ့ မြေပေါ်မှာ အခုကစပြီး ထွန်ယက် စိုက်ပျိုးနိုင်ပါပြီ။ အခုမြေတွေရဲ့ ပိုင်ဆိုင်မှု ပုံစံ-၇ ရဖို့ကို ဆက် လက်လုပ်ဆောင်ပေးသွားမှာဖြစ် ပါတယ်’’ ဟု ရွှေတောင်မြို့နယ် မြေစာရင်းဦးစီးအရာရှိ ဦးမြင့် သန်းကပြောသည်။

ရွှေတောင်ချည်မျှင်နှင့် အ ထည်စက်ရုံတည်ဆောက်စဉ်က လယ်မြေဧက ၇၀၁ ဧက သိမ်း ဆည်းခဲ့ပြီး ပိုလျှံမြေ ဧက ၃၀၀ ကျော်ရှိကြောင်း၊ မူလတောင်သူ ၆၀ ခန့်၏ တောင်းဆိုမှုကြောင့် ယခုအခါ စွန့်လွှတ်မြေ ၄၀ ဒသမ ၅ ဧကအား ပြန်လည်ပေးအပ်ခဲ့ ကြောင်း ဒေသခံတောင်သူများထံ မှ သိရသည်။

7Day DAILY

No comments:

Post a Comment