Wednesday 18 June 2014

လွတ်လပ်စွာပြီး အဖွဲ့အစည်းတစ်စုံတရာ၏ သြဇာခံမျိုးမဟုတ်သည့် လူငယ်စင်တာ စည်းမျဉ်းများ ရေးဆွဲပြီးစီးတော့မည်

လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး မည်သည့် အဖွဲ့အစည်း၏ သြဇာခံမျှ မဟုတ်သည့် အမျိုးသား လူငယ်စင်တာ အဖြစ် ရပ်တည်နိုင်ရန် အခြေခံမူများကို ဇွန်လကုန် အပြီးရေးဆွဲကာ ဇူလိုင်လပထမပတ် ယာယီကော်မတီ အစည်းအဝေးတွင် အတည်ပြုသွားမည်ဟု အမျိုးသားလူငယ်စင်တာ ယာယီကော်မတီဝင် ကိုသက်ဆွေဝင်း က မဇ္ဈိမကို ပြောသည်။

အဆိုပါ စင်တာနှင့် ပတ်သက်ပြီး လုပ်ငန်းများ စတင် အကောင်အထည်ဖော်နိုင်ရန် လူငယ် ၁၆ ဦး ပါဝင်သော ယာယီကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီက ဇွန်လ ပထမပတ်မှ  ပဋိညာဉ် များ၊ အခြေခံမူများ၊ အသင်းအဖွဲ့စည်းမျဉ်းများနှင့် ပတ်သက်၍ စတင်ရေးဆွဲနေပြီဖြစ်သည်။

ကိုသက်ဆွေဝင်းက "စည်းမျဉ်းထဲမှာ ကျွန်တော်တို့ လူငယ်စင်တာက ဘယ်အဖွဲ့အစည်း လက်အောက်ခံမှ မဖြစ်ရဘူး ဆိုတာတွေနဲ့ လွတ်လပ်စွာ လှုပ်ရှားပိုင်ခွင့် ရှိရမယ် ဆိုတာမျိုးတွေ ထည့်သွင်း ရေးဆွဲထားပါ တယ်” ဟု ပြောသည်။

လက်ရှိရေးဆွဲနေသည့် အမျိုးသားလူငယ်စင်တာနှင့် ပတ်သက်သည့် အခြေခံမူများ၊ စည်းမျဉ်းများနှင့် ပဋိညာဉ်များကို ဇူလိုင်လ ပထမပတ်တွင် ပြုလုပ်မည့် ယာယီကော်မတီဝင်အစည်းတွင် အတည်ပြုသွား မည်ဖြစ်သည်။

အဆိုပါ အတည်ပြုထားသည့် မူများကို လူငယ်အဖွဲ့အစည်းများ နှင့် လူငယ်ရေးရာများကို တာဝန်ယူထားသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် နှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဦးသန်းဌေးတို့နှင့် ယာယီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

အမျိုးသားလူငယ်စင်တာကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

ယာယီကော်မတီဝင် ကိုမိုးဃ်းသွေးက “အခု အစည်းအဝေးတွေ လုပ်နေပါတယ်။ စည်းမျဉ်းတွေ ရေးဆွဲနေပါပြီ။ စည်းမျဉ်းတွေပြီးတာနဲ့ အမျိုးသားလူငယ်စင်တာကို စသုံးလို့ ရပါပြီ”ဟု ပြောသည်။

ရန်ကုန်တွင် ဖွင့်လှစ်မည့် အမျိုးသားလူငယ်စင်တာသည် ပထမခြေလှမ်းဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အနှံ့ရှိ မြို့နယ်တိုင်းတွင် အမျိုးသားလူငယ်စင်တာများ ဖွင့်လှစ်သွားရန် ကြိုးပမ်းမည်ဟုလည်း ကိုသက်ဆွေဝင်းက ဆိုသည်။

အမျိုးသားလူငယ်စင်တာများတွင် လူငယ်အဖွဲ့အစည်းများ၏ သင်တန်းများဖွင့်လှစ်ခြင်း၊ အစည်းအဝေးများ ကျင်းပခြင်း၊ ဟောပြောဆွေးနွေးခြင်းများ လာရောက် ပြုလုပ်နိုင်မည်ဖြစ်ပြီး  လူငယ်စာကြည့်တိုက် များ လာရောက်ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

ထိုစင်တာတွင် လူငယ်အဖွဲ့ အစည်းများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း၊ လူငယ်ထုပြဿနာများ ဆွေးနွေးတိုင်ပင်ခြင်း၊ သတင်းအချက်အလက် မျှဝေခြင်းများ ပြုလုပ်နိုင်မည့်အပြင် အစိုးရမှ ဖြေရှင်းပေးရန် လိုအပ်သည့် လူငယ်ပြဿနာများကို လူငယ်စင်တာများက ဆောင်ရွက်သွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment